အကြမ်းဖက်မှုတွေအပေါ် စိတ်ပျက်မိကြောင်း ချင်းမိုင်မြို့ အခြေစိုက် SWAN အဖွဲ့ ပြောကြား

ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် SWAN ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့ က ရှမ်းပြည်နယ်အနှံ့ ဒေသခံပြည်သူလူထု နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာ လူမှုအသိုင်းအဝိုင်းတွေက ငြိမ်းချမ်းရေး တည်ဆောက်မှုကာလမှာ အဆက် မပြတ် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအပေါ် စိတ်ပျက်မိကြောင်း ရင်ဖွင့်ပြောဆိုလိုက်တယ်လို့ SWAN အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နန်းယဉ်ဟန်ဖ က ပြောပါတယ်။

2012.12.18

နိုဝင်ဘာ ၂၉  ရက်နေ့ကစလို့ ရှမ်းပြည်နယ်အတွင်းက တောင်ကြီး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လာရှိုး၊ ကျေးသီး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်နဲ့ ကျိုင်းတုံမြို့နယ်တွေကို သီတင်းသုံးပတ်ကြာ သွားရောက်ခဲ့ပြီး လူမှုအသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ ပြောဆိုလိုက်တာဖြစ်တယ်လို့ ဒီကနေ့ မနက်ပိုင်းက ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နန်းယဉ်ဟန်ဖ က ပြောပါတယ်။

“အဓိကကတော့ ပြည်သူလူထုတွေက ဘာပြောလာလဲဆိုတော့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတော့ ငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုပြီးတော့ လုပ်လာတာ တစ်နှစ်ပြည့်ပြီပေါ့ ဒါပေမယ့်လည်း အပြစ်အခတ်ရပ်စဲရေးကလည်း အခုထိ တကယ်လည်း မရပ်သေးဘူးပေါ့၊ တိုက်ပွဲတွေလည်းဖြစ်နေတုန်းပဲ၊ ပြည်သူလူထုလည်း ဒုက္ခရောက်နေတုန်းပဲတဲ့၊ ဒါကြောင့်မိုလို့ ငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုလို့ ရှိရင် အပစ်အခတ်ရပ်စဲရေးကို တကယ်ရပ်စဲပြီးမှ လုပ်မှဖြစ်မှာ နိုင်ငံရေးပြသနာကို နိုင်ငံရေးနဲ့ နည်းလမ်းနဲ့  ဆွေးနွေးရမယ် ဖြေရှင်းရမယ် ဆိုပြီးတော့ သူတို့တွေက ပြောလာတယ်လေ၊ အဲ့ဒါကြောင့်မိုလို့ အဲ့ဒီ သူတို့ပြောလာတဲ့ အသံတွေ ကျမတို့က တပ်ပြီးတော့ ပြန်ဆင့်ပွားပေးတာပေါ့။ “

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းအဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့မှာ ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် SNLD အပါအဝင် ရှမ်းလူမှုအခြေပြု အဖွဲ့အစည်း ၄ ဖွဲ့ကနေ ဦးဆောင်  ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံကို မပြန်ခင်မှာ ရှမ်းပြည်နယ်အတွင်းက ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပြီး အခုလို သိခဲ့ရတာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေဟာ ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေတာတွေ၊ လယ်ယာမြေ အသိမ်းခံထားရတာတွေနဲ့ အပြစ်အခတ်ရပ်စဲရေး သဘောတူထားပေမယ့်လည်း တိုက်ပွဲတွေ ဆက်ဖြစ်ပေါ်နေတာအပြင် စစ်တပ်ကနေပြီး ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံနေမှုတွေနဲ့ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက် ကျူးလွန်နေတာတွေကို အဓိက တင်ပြခဲ့တယ်လို့ နန်းယဉ်ဟန်ဖ က ဆက်ပြောပါတယ်။

" လောလောဆယ် တိုက်ပွဲတွေထပ်ဖြစ်နေတာ ကျောက်မဲဖက်ဖြစ်နေတော့ ပြည်သူလူထုတွေက ထွက်ပြေးပုန်းရှောင်နေရတယ်၊ ရွာပြင်မြို့ပြင်မှာ အဲ့လိုမျိုး ကိုယ့်အိမ်ကိုယ် မပြန်ရဘူးပေါ့နော်၊ နောက်ပြီးတော့ ရွှေ့ပြောင်းအလုပ်သမားတွေဆိုလည်း ဒီတိုက်ပွဲကြောင့် လူငယ်တွေက ဒီဖက်နယ်စပ် ထိုင်းနိုင်ငံလည်းသွားတယ်၊တရုတ်နိုင်ငံလည်းသွားပြီး ထွက်ပြေးကြတယ်ပေါ့နော်၊ လူ့အခွင့်အရေးချိုးဖောက် တာကအစ မုဒိန်းကျင့်တာရော နောက်ပြီးတော့ သတ်ဖြတ်မှုတွေလည်း ရှိနေဆဲပဲပေါ့၊ မြောက်ပိုင်းဖက်မှာဆို ဂတ်စ်ပိုက်လိုင်း ပြဿနာပေါ့နော်၊ အဲ့ပြသနာတွေဆိုလည်း ကျောက်မဲကနေ နောင်ချိုကနေ စတက်သွားပြီဆိုလို့ရှိရင် ပြောကြတယ်၊ လယ်မြေသိမ်းတာကအစ လျှော်ကြေးမပေးတာကအစ၊ ဂတ်စ်ပိုက်လိုင်းက အန္တရယ်ရှိတဲ့ဥစ္စာတွေ သီပေါ ဆိုလို့ရှိရင် ဆားဓါတ်ရှိတဲ့နယ်မြေဆိုတော့ စိုးရိမ်ကြတာတွေကအစ နောက်ပြီးတော့ မူးယစ်ဆေးဝါး ပြဿနာပေါ့ လူငယ်တွေ မူးယစ်ဆေးဝါး တအားဆွဲနေကြတယ်ပေါ့။"

ဒီလိုအခြေအနေတွေကြောင့် တိုင်းရင်းသားနယ်မြေတွေမှာ စစ်အင်အားတိုးချဲ့နေတာတွေအဆုံးသတ်ဖို့ အရေးတကြီးလိုအပ်နေပြီး ဖယ်ဒရယ်ပြည်တောင်စုသာ စစ်မှန်တဲ့ တန်းတူညီမျှရေးနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားနိုင်မယ်ဆိုတဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲက တောင်းဆိုချက်ကို ထောက်ခံကြောင်း နန်းယဉ်ဟန်ဖ က ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။