ဒီပဲယင်းမြို့နယ် မကြီးအုပ်ရွာ ဗုံးကြဲခံရမှု သေဆုံးသူ ရှစ်ဦးအထိရှိလာ

RFA Burmese
2024.05.15
ဒီပဲယင်းမြို့နယ် မကြီးအုပ်ရွာ ဗုံးကြဲခံရမှု သေဆုံးသူ ရှစ်ဦးအထိရှိလာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် မကြီးအုပ်ရွာအား စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့က တွေ့ရစဉ်။
ဒီပဲယင်းမြို့နယ်ညီနောင်များ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မကြီးအုပ်ရွာ လေကြောင်းနဲ့ ဗုံးကြဲခံရမှုမှာ ဒဏ်ရာရသူတွေထဲက သေဆုံးသူတွေ ထပ်ရှိလာတာကြောင့် မေလ ၁၅ ရက် မနေ့ကအထိ သေဆုံးသူ ရှစ်ဦးအထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၁ ရက်နေ့မှာ မကြီးအုပ်ရွာ ဗုံးကြဲခံရလို့ ဒေသခံ နှစ်ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင် လေးဦး စုစုပေါင်း ခြောက်ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့တာပါ။

ဒဏ်ရာရသူတွေထဲက ခုနစ်ဦးဟာ စိုးရိမ်ရတဲ့အခြေအနေရှိပြီး အဲဒီအထဲက အသက် ၃၇ နှစ်အရွယ် ကိုသက်အောင်နဲ့ အသက် ၅၈ နှစ်အရွယ် ဒေါ်ညိုတို့ဟာ မေလ ၁၃ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ ဆေးကုသမှုခံယူနေရင် သေဆုံးခဲ့တာကြောင့် သေဆုံးသူ အရေအတွက် ထပ်တိုးလာတာပါ။

မကြီးအုပ်ရွာ တိုက်ခိုက်ခံရမှုမှာ ထိခိုက်ခံစားရသူတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကြီးဖြိုးက RFA ကို ပြောပါတယ်။

"လက်ရှိဆို ကျဆုံးသွားတဲ့ ရဲဘော်ရော၊ ပြည်သူရော ရှစ်ဦး ရှိသွားပြီ။ ဒဏ်ရာရတဲ့ ပြည်သူတွေလည်း ရှိတယ်ပေါ့။ သူတို့ကို တစ်ခြားအစုအဖွဲ့တွေကနေ ကူညီတာမျိုး၊ ထောက်ပံ့တာမျိုး မတွေ့ရဘူးဗျ။ လတ်တလော သူတို့မှာ အကူအညီမဲ့နေတာ"

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ မတ်အထိ သုံးလအတွင်းမှာ သေဆုံးသူ ၃၉၇ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၈၈၉ ဦးအထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။