မတရားအသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံရတဲ့ တိမ်ညိုရွာခံ ၃ဦး လွတ်မြောက်
2018.05.15
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဦးဘိုဘိုမင်းသိုက် အသတ်ခံရတဲ့အမှုနဲ့ ဆက်နွယ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ တိမ်ညိုရွာခံ ၃ ဦးကို မြောက်ဦး မြို့နယ်တရားရုံးက ဒီနေ့ တရားသေ လွှတ်လိုက်ပါတယ်။
တရားလိုပြသက်သေတွေကိုစစ်ဆေးပြီး နှစ်ဘက်လျှောက်လဲချက်တွေကိုကြားနာပြီးတဲ့နောက် စွဲချက် မတင်သင့်ဘူး ဆိုပြီး တရားရုံးကအမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ တရား လွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
"တိမ်ညိုရွာက ကျော်မြင့်ရယ်၊ မောင်ဝင်းလှိုင်ရယ်၊ အေးကျော်ထွန်း ရယ်ဆိုတာကို မတရားအသင်း အက်ဥပဒေ ပုဒ်မ (၁၇/ ၁၊ ၂) အရ တရားစွဲဆိုထားပါတယ်။ တရားလိုပြသက်သေတွေကို စစ်ပြီးလို့ လျှောက်လဲချက် ပေးပြီးတဲ့နောက်မှာ စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချတဲ့အခါမှာ စွဲချက်မတင်သင့်ဘူးဆိုပြီးတော့ စွဲချက် မတင်ဘဲ လွှတ်တဲ့အမိန့်ကို ဒီနေ့ ချမှတ်လိုက်တဲ့အတွက် သူတို့ လွတ်မြောက်သွားကြတာဖြစ်ပါတယ်"
ဒီနေ့လွတ်မြောက်လာတဲ့ တိမ်ညိုရွာခံသုံးဦးဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတာ ဖြစ်ပါတယ်။
မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးဘိုဘိုမင်းသိုက်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကုန် က မြောက်ဦးမြို့ကနေ စစ်တွေမြို့ကိုလာရာလမ်းမှာ ကားပေါ်မှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး တိမ်ညိုကျေးရွာက ဦးကျော်မြင့်အပါအဝင်မိသားစု ၄ ဦးကို ရန်ကုန်မြို့မှာ ဖမ်းဆီးခဲ့ပြီး သူ့ရဲ့ထွက်ဆိုချက်အရ ဒီနေ့တရားရုံးက လွှတ်ပေးလိုက်တဲ့ အခြားနာမည်တူ ဦးကျော်မြင့် အပါအဝင်သုံးဦးဟာ AA ရက္ခိုင့်တပ်မတော်နဲ့ပတ်သက်နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ ဦးကျော်မြင့် အပါအဝင် မိသားစုဝင် ၄ ဦးကိုတော့ စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။