မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့အနီးဝန်းကျင်ကို မတ်လ ၇ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ ရွာခြောက်ရွာက ဒေသခံ လေးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ တကောင်းဒေသခံတွေက ပြောပါတယ်။
ဆင်ညှပ်ကုန်း၊ မကျီးကုန်း၊ ပေါ်တော်မူ၊ ဝဲကြီး၊ ရွာဝေသာ၊ မင်းသမီးကန် စတဲ့ရွာတွေက ဒေသခံတွေ တိမ်းရှောင်နေရတာဖြစ်ပြီး မတ်လ ၈ ရက် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် နေရပ်ကို မပြန်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။
မနေ့ကတော့ ဆင်ညှင်ကုန်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အထိနာလို့ လေကြောင်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆင်ညှင်ကုန်းရွာသားတစ်ဦးက RFA ကိုပြောပါတယ်။
"မနေ့ကမှ လေကြောင်း သုံးခေါက် လာပစ်သွားတယ်။ ဗုံးတွေလည်း ရှစ်လုံးလောက်ချတာ။ ကြံခင်းတွေ မီးလောင်တယ်။ အိမ်တစ်အိမ် မီးလောင်တယ်။ အခုလည်း ဖြစ်နေတာ။ လူတွေက ပြေးနေတော့ မထိခိုက်ဘူး။ အရင်ရက်က တကောင်းကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာ တစ်ယောက်ထိတယ်”
တကောင်းမြို့အနီးတစ်၀ိုက်မှာ အခုရက်ပိုင်း တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး မတ်လ ၆ နေ့ကလည်း ဆင်ညှပ်ရွာမှာ တိမ်းရှောင်နေတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေး ဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မတ်လ ၁ ရက်နေ့ကလည်း တကောင်းမြို့ ရွှေဇာလီဘုန်းကြီးကျောင်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက အနီးအနားမှာရှိတဲ့ နေအိမ် နှစ်ဆယ်ခန့်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ တကောင်းမြို့က မီးလောင်သွားတဲ့ နေအိမ် နှစ်ဆယ်ခန့်ဟာ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာကြောင့်လို့ ဖော်ပြထားပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ပေါင်း ၂ ဒသမ ၇ သန်းနီးပါးရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ဖေဖော်ဝါရီ ၂၁ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။