အိန္ဒိယ-မြန်မာနယ်စပ် တမူး-မိုးရေး နယ်စပ်ဂိတ်ကို နို၀င်ဘာလ ၁၅ ရက် ဒီကနေ့စပြီး သုံးလကြာ ပိတ်ထားမယ်လို့ ပြီးခဲ့တဲ့ နို၀င်ဘာလ ၁ ရက်နေ့ကတည်းက မဏိပူရ်ပြည်နယ် အစိုးရက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အိန္ဒိယနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်ပြီး အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတွေ များလာတာကြောင့် နယ်စပ်တစ်လျှောက် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် သဘောတူညီချက် (FMR) ကို သုံးလကြာ ပိတ်ပင်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နယ်စပ်ဂိတ်လိုက်တာကြောင့် တမူးမြို့ကနေ အိန္ဒိယနိုင်ငံ မိုးရေးဘက်ကို နေ့စဉ် ဈေးရောင်းဈေး၀ယ်၊ ကုန်တင် ကုန်ချလုပ်နေကြတဲ့ အခြေခံလူတန်းစားတွေ အခက် အခဲဖြစ်ပြီလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ပိတ်လိုက်တော့ အဓိက ကုန်ရောင်း၊ ကုန်၀ယ်တွေ ရပ်သွားမှာပေါ့။ ကွမ်းသီးတို့ ဘာတို့လည်း မြန်မာကနေ အိန္ဒိယဘက်ကို အ၀င်ရပ်သွားတာပေါ့။ တမူးဘက်ကနေ မိုးရေးဘက် လာရောင်းတဲ့ လက်လုပ်လက်စားတို့၊ ကုန်ထမ်းတဲ့သူတွေ ဒုက္ခရောက်တာ ပေါ့ဗျာ "
တမူး-မိုးရေး နယ်စပ်ဂိတ်ကို ပိတ်လိုက်တာကြောင့် ကုန်သွယ်ရေးစီးဆင်းမှု ပြတ်တောက် ပြီး ကုန်ဈေးနှုန်းတွေ တက်လာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဂိတ်ကို ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် အိန္ဒိယဘက်က နှစ်နှစ်နီးပါး ပိတ်ထားခဲ့ပြီး နောက် ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာမှ ပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့မှာနေထိုင်တဲ့ အိန္ဒိယ နိုင်ငံသားနှစ်ဦးကို တမူးမြို့မှာ ပျူစောထီးတွေက ပစ်သတ်ခဲ့တာကြောင့် ဇူလိုင်လ ၆ ရက်နေ့မှာပဲ ခေတ္တ ပြန်ပိတ်ထားခဲ့ပါတယ်။