စစ်ကိုင်းတိုင်း တမူးမြို့ပေါ်ရပ်ကွက်တွေနဲ့ ဟဲဇင်းရွာတို့မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီးအဖွဲ့က ရပ်ရွာလုံခြုံရေးအတွက် ကင်းစောင့်ဖို့ဆိုပြီး တစ်အိမ်ထောင်မှာ လူတစ်ဦးမဖြစ်မနေ လာရောက်ဖို့ စာရင်းကောက်ယူနေတယ်လို့ ဒေသခံတွေက မတ်လ ၁၅ ရက်နေ့မှာ ပြောပါတယ်။
အခုစာရင်းကောက်ယူမှုကြောင့် လူငယ်တချို့ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့နယ်မှာ ပျူစောထီးတွေက ရပ်ရွာလုံခြုံရေးအတွက် အိမ်တစ်အိမ်က တစ်ဦး ဆိုပြီးတော့ စာရင်းကောက်နေတာ။ လူငယ်တွေ မသွားချင်တော့ နယ်စပ်ဘက်ကို ထွက်ပြေးရှောင်နေတာလည်းရှိတယ်။ တချို့ကျတော့လည်း ကာကွယ်ရေးတပ်တွေထဲ ၀င်သွားတာလည်း ရှိတယ် "
အခုတိမ်းရှောင်သွားကြတဲ့ လူငယ်အရေအတွက်အတိကျကိုတော့ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်၀င်းအောင်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
နေပြည်တော်၊ ရန်ကုန်နဲ့ မြို့ကြီးတချို့မှာလည်း မတ်လ ဒုတိယပတ်ကစလို့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကြုံးဝင်တဲ့ လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့အတွက် ဖောင်ဖြည့်ခိုင်းတာ၊ အိမ်ထောင်စုစာရင်းတွေမှာပါတဲ့ အသက်ပြည့်လူငယ်တွေရဲ့ နေအိမ်တွေထိ လိုက်လံစာရင်းကောက်ယူတာနဲ့ စာရင်းပေးဖို့ ရုပ်ကွက်ရုံးတွေထိ ဆင့်ခေါ်တာတွေ လုပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။