တနင်္သာရီဂျာနယ်အမှု အယူခံ မေလ ၃ ရက်နေ့ အပြီးသတ် အမိန့်ချမည်

2019-04-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တနင်္သာရီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မဲဆွယ်အပြုံး အမည်ရှိတဲ့ သရော်စာကို တွေ့ရစဉ်
တနင်္သာရီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မဲဆွယ်အပြုံး အမည်ရှိတဲ့ သရော်စာကို တွေ့ရစဉ်
Photo: Dawei Watch

တနင်္သာရီဂျာနယ်ကို တနင်္သာရီတိုင်းအစိုးရက တရားစွဲထားတဲ့ အမှုအယူခံကို ထားဝယ်ခရိုင်တရားရုံးမှာ လာမယ့် မေလ ၃ ရက်နေ့မှာ အပြီးသတ်အမိန့်ချမယ်လို့ သိရပါတယ်။

ထားဝယ်ခရိုင်တရားရုံးမှာ မနေ့က နှစ်ဘက်အပြီးသတ် လျှောက်လဲချက်ပေးပြီးဖြစ်တာကြောင့် နောက်တစ်ကြိမ်ရုံးချိန်းဖြစ်တဲ့ မေလ ၃ ရက်နေ့ ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမှာဖြစ်ကြောင်း တနင်္သာရီဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က RFA ကို ပြောပါတယ်။

တနင်္သာရီဂျာနယ်မှာ ကလောင်ရှင် မူးဆေးအို ရေးသားတဲ့ မဲဆွယ်အပြုံး သရော်စာကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က ထည့်သွင်းဖော်ပြခဲ့တာဟာ တနင်္သာရီတိုင်းအစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ)နဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဒေါ်လဲ့လဲ့မော် လက်ထက် တိုင်းအစိုးရက တရားစွဲခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုကို ထားဝယ်မြို့နယ် တရားရုံးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ထောင်ဒဏ် ၆ လ (ဒါမှမဟုတ်) ဒဏ်ငွေ ၅ သိန်းပေးဆောင်ဖို့ အမိန့်ချခဲ့တာဖြစ်ပါတယ်။

တနင်္သာရီဂျာနယ်က ဒဏ်ငွေ ၅ သိန်းပေးဆောင်ထားပြီး မြို့နယ်တရားရုံး ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့ ထားဝယ်ခရိုင် တရားရုံးမှာ အယူခံတင်သွင်းထားတာဖြစ်ပါတယ်။

တနင်္သာရီ ဂျာနယ်ကို ပြစ်ဒဏ်ချမှတ်ခဲ့တာအပါအဝင် သရော်စာရေးသားမှုတွေကို တရားစွဲဆိုတာတွေ ဖမ်းဆီးတာတွေကို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့