တနင်္သာရီတိုင်းမှာ ဖေဖော်ဝါရီလအတွင်း ဒုက္ခသည် ငါးသောင်းနီးပါးတိုးလာ

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ငါးသောင်းနီးပါး ထပ်တိုးလာကြောင်း ကူညီသူတွေက ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်း တိုက်ပွဲတွေနဲ့ စစ်ဘေးဒုက္ခသည်တွေအကြောင်း သုတေသနလုပ်နေတဲ့ FE5 Tanintharyi အဖွဲ့က မတ်လ ၁၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုတာပါ။

လောင်းလုံးမြို့၊ ထားဝယ်မြို့၊ သရက်ချောင်း၊ ပုလောမြို့နဲ့ တနင်္သာရီ စတဲ့မြို့နယ်တွေက နေရပ်စွန့်ခွာထွက်ပြေးရသူ ပိုမိုများပါတယ်။ ထားဝယ်ခရိုင်က ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းစတဲ့မြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် နှစ်သောင်းနှစ်ထောင်နီးပါး (၂၁၈၀၀ ကျော်) ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက သတ်ဖြတ်တာ၊ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် အရပ်သားရှစ်ဦးသေဆုံးခဲ့တယ်လို့လည်း ပြောထားပါတယ်။

ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီကနေ အရပ်သားတွေကို အကြောင်းအမျိုးမျိုးပြဖမ်းဆီးခဲ့သူ ၂၃၅ ဦး ထက်မနည်းရှိခဲ့ပြီး ၂၀၆ ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ သုံးဆယ်နီးပါးက ဆက်လက်ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ၅၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သလို မိုင်းဆွဲတိုက်ခိုက်မှု အနည်းဆုံး လေးကြိမ်ရှိခဲ့ပြီး ထိတွေ့တိုက်ပွဲ ၅၇ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က နယ်မြေစိုးမိုးနိုင်ရေးအတွက် လေကြောင်းတိုက်ခိုက်တာတွေ ပိုလုပ်လာသလို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ပိုများလာတယ်လို့လည်း ရေးသားထားပါတယ်။