သံတောင်ကြီးမှာ စစ်ကောင်စီတပ်ခန်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ လေးဦးအဖမ်းခံရ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရေတာစခန်းကုန်း နိုဝင်ဘာလ ၉ ရက် မနေ့မနက် ၄ နာရီခွဲလောက်က တိုက်ခိုက် ခံရပြီးနောက် အမှတ် (၁) ရပ်ကွက်က ဒေသခံ လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အဖမ်းခံရသူတွေဟာ အသက် ၄၀ အရွယ် စောထူးဂေ၊ အသက် ၂၅ အရွယ် စောကလိုဒို၊ အသက် ၃၇ အရွယ် စောသာကလိုနဲ့ အသက် ၂၇ နှစ်အရွယ် ကိုကျော်ဝင်းတို့ ဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက နေအိမ်တွေကို မွှေနှောက်ရှာဖွေပြီးနောက် တန်ဖိုးရှိ ပစ္စည်းတွေကိုပါ ယူဆောင်သွားကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“မနေ့က တိုက်ပွဲဖြစ်တော့ ကြောက်ကြောက်နဲ့ ပြေးကြတာ ဘာမှမပါကြဘူးလေ။ အဲဒါ ဒီနေ့ ပြန်ယူဖို့ ခွင့်တောင်းပြီး ပြန်တာပေါ့လေ။ တချို့အိမ်တွေထဲမှာဆို ပစ္စည်းတွေ ဖွထားကြတယ်။ ကိုယ့်အိမ်မှာဆိုလည်း ပိုက်ဆံတွေ၊ ရွှေတွေတချို့ မရှိတော့ဘူး။ တံခါးတွေလည်း ရိုက်ဖျက်ပြီးဝင်သွားတာ။ ရပ်ကွက်ထဲဝင်တဲ့သူ တချို့ကိုလည်း စခန်းကုန်းပေါ်ကနေ လှမ်းပစ်တာတွေလည်းရှိတယ်။ ထိတော့မထိပါဘူး”

တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပြီးနောက် အဲဒီရပ်ကွက်မှာနေထိုင်တဲ့ လူပေါင်း ၃၀၀ ခန့် ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အဲဒီစခန်းကုန်းကို ဘယ်အဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။