ဖားကန့် တာမခန်ရွာမှာ ဒေသခံ တစ်ဦးပစ်သတ်ခံရပြီး နေအိမ် ၁၀၀ ကျော် မီးရှို့ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခန်ရွာကို မတ်လ ၃ ရက်နေ့ကနေ မတ်လ ၅ ရက်နေ့အထိ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်တစ်ရာကျော် ပျက်စီးခဲ့ပြီး ဒေသခံ တစ်ဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖားကန့်မြို့ပေါ်ကနေလာတဲ့ အင်အားရှစ်ဆယ်ကျော်ပါ စစ်ကြောင်းဟာ တာမခန်ရွာအနီးမှာ တပ်စွဲထားတဲ့ ခမရ (၁၁၉) တပ်ရင်းကို စစ်ကူပေးဖို့လာရင်း နေအိမ်တွေကို ဝင်ရောက်မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ မတ်လ ၅ ရက်နေ့မနက်ပိုင်းအထိ ဆက်တိုက်မီးရှို့ခဲ့ပြီး အသက် ၄၀ ကျော်အရွယ် စိတ်ရောဂါ ဝေဒနာသည် ဦးမောင်မောင်ကြီး ဆိုသူကိုပါ ပစ်သတ်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ တာမခန်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီစစ်ကြောင်းက ခမရ (၁၁၉) ကို တပ်ကူလာပေးတာ၊ KIA နဲ့ KPDF တွေက ကြားကတိုက်နေတော့ နောက်လည်းပြန်ဆုတ်မရ၊ ရှေ့လည်းသွားပေါင်းလို့မရ ဖြစ်နေတာ။ အဲဒါနဲ့ ရွာကိုမီးရှို့တာ။ ရွှေနဂါး ဆေးဆိုင်၊ မငယ်ဖုန်းဆိုင်တို့ ကုန်စုံဆိုင်တို့လည်း စစ်ကြောင်းကပဲ ဖောက်ပြီးမီးအကုန်ရှို့ပစ်တာ၊ သေဆုံးသွားတဲ့ ဦးမောင်မောင်ကြီးဆိုတာ စိတ်မနှံ့ဘူးဗျ။ ဒေသခံတွေကတော့ စစ်ကြောင်းဝင်လာကတည်းက ပြေးပေမယ့် သူကဘာမှမသိတော့ မပြေးဘဲနေရင်း သေနတ်နဲ့ ပစ်သတ်ခံရတာ"

တာမခန်ရွာမှာ နေအိမ်တစ်ထောင်ကျော်နဲ့ လူဦးရေလေးထောင်ကျော် နေထိုင်ပြီး အများစုဟာ ရေမဆေးကျောက် ရှာဖွေတာနဲ့ တစ်နိုင်တစ်ပိုင် ကျောက်အရောင်းအဝယ် လုပ်ကိုင်ကြတာလို့ ဆိုပါတယ်။

တာမခန်ရွာအနီးမှာ အထိုင်ချထားတဲ့ ခမရ (၁၁၉) တပ်စခန်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကတည်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတပ်စခန်းကို မတ်လ ၅ ရက်နေ့ညနေပိုင်းမှာ (KIA) နဲ့ (KPDF) က သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းနဲ့ (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။