တာမွေပွဲစျေး ဗုံးပေါက်ကွဲမှု နှစ်ယောက် ဒဏ်ရာရ

ရန်ကုန်မြို့ တာမွေမြို့နယ်က ပွဲစျေးတန်းမှာ ဒီဇင်ဘာ ၂၃ ရက်ညက ဗုံးပေါက်ကွဲပြီး နှစ်ယောက် ဒဏ်ရာရသွားတယ်လို့ အနီးအနားမှာ နေထိုင်သူတွေက ပြောပါတယ်။

တာမွေမြို့နယ် နိဂြောဓလမ်းမှာ ပွဲစျေးလုပ်နေတာ ငါးရက်လောက်ရှိပြီဖြစ်ပြီး ဗုံးဖောက်မယ်လို့ သတိပေးစာကပ်ထားတာလည်း တွေ့တယ်လို့ ပွဲစျေးအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ဒဏ်ရာရတာက ပွဲစျေးမှာ တောင်းရမ်းနေတဲ့ သားအမိလို့ ကြားတယ်။ လက်ပြတ်သွားတယ်တဲ့။”

ဒီဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်တာလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ညနေကလည်း ရန်ကုန်-ဒလ ပြေးဆွဲနေတဲ့ ချယ်ရီအမှတ်-၂ ခရီးသည်တင် ရေယာဉ်ပေါ်မှာ ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး နှစ်ယောက် စုစုပေါင်း ၁၇ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီပေါက်ကွဲမှုကို PDF အဖွဲ့တွေ လုပ်တာလို့ စစ်ကောင်စီက စွပ်စွဲထားပေမယ့် PDF နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ သူတို့ လုပ်တာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။