ကျိုက်မရောမြို့ တောင်ကလေးရဲစခန်းကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က တောင်ကလေးရွာရဲစခန်းကို KNU နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ဒီနေ့မနက် ၅ နာရီခန့်ကစပြီး တိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကပါ ပြန်လည်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်ရော စစ်ရဟတ်ယာဉ်တွေပါသုံးပြီး ပြန်လည် တိုက်ခိုက်နေသလို အခုနေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်နေဆဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖြစ်စဉ်က ဒီမနက် ၅ နာရီထိုးလောက်အချိန်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တောင်ကလေး ရဲစခန်းမှာပေါ့လေ စစ်ကောင်စီတို့ ခြေကုပ်ယူထားတဲ့ ရဲစခန်းဝင်းထဲမှာ နှစ်ဖက်တိုက်ပွဲဖြစ်တာပေါ့။ တိုက်ပွဲဖြစ်ပွားပြီး တော့ ၆ နာရီလောက်အချိန်မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကနေပြီးတော့ စစ်သုံးရဟတ်ယာဉ်နှစ်စီးနဲ့ တောင်ကလေး ကျေးရွာထဲကို လာပြီးတော့ ဗုံးကြဲတယ်။ အိမ် ၂၀ လောက်ထိတယ်။ လေယာဉ်ပစ်ခတ်မှုက ၆ နာရီမှာ တစ်ကြိမ်လာတယ်။ ၇ နာရီကျော်လောက်မှာလည်း တစ်ကြိမ်ထပ်လာပြီးတော့ ပစ်ခတ်မှုတွေ ထပ်လုပ်တယ်။ ၉ နာရီလောက်မှာတော့ စစ်သုံးရဟတ်ယာဉ်တွေအပြင် ဂျက်ဖိုက်တာပါလာပြီးတော့ ကင်းထောက် လာရောက်ပစ်ခတ်တယ်။ အခုချိန်ထိ တိုက်ပွဲအခြေအနေက မပြီးသေးဘူးပေါ့”

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်တွေနဲ့ ဒေသခံအချို့ ထိခိုက်မှုရှိတယ်လို့ သိရပေမယ့် အသေးစိတ်ကိုတော့ ပြောလို့မရသေးဘူးလို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကလည်း သူတို့လှုပ်ရှားတဲ့ နေရာကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေသလို စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်ရင်းတွေကလည်း ၁၂၀ မမနဲ့ လှမ်းပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကလေးရွာ အနီးတဝိုက်မှာရှိတဲ့ ဒေသခံတွေကတော့ လက်ရှိ ဘေးလွတ်ရာကို တိမ်းရှောင်နေရသလို လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ထိခိုက်မှုတွေရှိပေမယ့် အတိအကျတော့ မသိရသေးဘူးလို့ ဒေသခံက ဆိုပါတယ်။

အဲဒီတောင်ကလေးရွာနဲ့ အနီးအနားနယ်မြေမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်တစ်ဦးကလည်း တိုက်ပွဲဖြစ်နေတာကို အတည်ပြုပါတယ်။

"တောင်ကလေးရဲစခန်းကို တိုက်နေတာတော့ အတည်ပြုလို့ရတယ်။ လက်ရှိမှာ ကြားရသလောက်တော့ လေယာဉ်နဲ့ လာဗုံးကြဲတယ်ကြားတယ်။ ကင်းထောက် လေယာဉ်တွေလည်း အခုထိပတ်နေတုန်းပဲ။ စခန်းသိမ်းနိုင်တာက မသေချာသေးဘူး"

တောင်ကလေးရဲစခန်းဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ ၃ မိုင်လောက် ခန့်ဝေးပြီး မွန်ပြည်နယ် မုဒုံမြို့နယ်နဲ့ ၁၀ မိုင်လောက်ဝေးသလို မွန်နဲ့ ကရင်ပြည်နယ် အစပ်မှာရှိတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ပြောကြပါတယ်။

စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ဦးအောင်ကြည်သိန်းကလည်း တောင်ကလေး ရဲစခန်း တိုက်ခိုက်ခံရတာ မှန်ကန်ပြီး တိုက်ပွဲဖြစ်နေဆဲမို့ အသေးစိတ် အချက်အလက် တွေကို အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးဘူးလို့ ဖြေဆိုပါတယ်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးနဲ့ မုဒုံကားလမ်းပေါ်က စစ်ကောင်စီရဲ့ ချောင်းနှစ်ခွ နယ်မြေရဲစခန်းကို KNU ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးကာ လေးဦးအဖမ်းခံခဲ့ ရပါတယ်။