တိုက်ပွဲဖြစ်မှာ စိုးရိမ်တာကြောင့် တောင်ကုတ်မြို့ခံအများစု ဘေးလွတ်ရာထွက်ပြေးနေရ

ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့ပေါ်က ဒေသခံပြည်သူအများစုဟာ တိုက်ပွဲကြားပိတ်မိမှာ စိုးရိမ်တာကြောင့် မတ်လ ၁၆ ရက်နေ့ကစပြီး မြို့ကို စွန့်ခွာထွက်ပြေးကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၆ ရက်နေ့နောက်ပိုင်းမှာ မြို့ကို စွန့်ခွာသူ ပိုမိုများပြားလာတာဖြစ်ပြီး အရေအတွက်အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အများစုဟာ ရန်ကုန်အပြင် ဒေသတွင်းက ရေလမ်းကြောင်းနဲ့သွားလာလို့ရတဲ့ နေရာတွေကို တိမ်းရှောင်ကြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ကုတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“၁၂ တန်းစာမေးပွဲက တချို့တွေ ၁၆ ရက်နေ့ကပြီးတာဆိုတော့ အဲဒီနေ့နောက်ပိုင်း နေရပ်စွန့်ခွာသူတွေ ပိုများလာ တယ်။ အခုမြို့ထဲမှာကျန်တာက ပြောင်းရွှေဖို့မလွယ်တဲ့ လူတွေရယ်။ တက္ကသိုလ်ကျောင်းသား/သူတွေပဲ ကျန်တယ်။ တက္ကသိုလ်စာမေးပွဲ ကျန်တဲ့သူတွေလည်း အဲဒီစာမေးပွဲပြီးလို့ သူတို့ပြန်သွားရင် မြို့သူ၊ မြို့သား အနည်းငယ်ပဲ ကျန်တော့မှာ”

မတ်လ ၁၇ ရက်မနေ့ကလည်း တောင်ကုတ်မြို့မရဲစခန်းကို စစ်ကောင်စီတပ်က အင်အားထပ်တိုးချခဲ့သလို မတ်လ ၁၈ ရက်ဒီနေ့မနက်ပိုင်းမှာလည်း မြို့ပေါ်ကို စစ်ကြောင်းထိုးလှုပ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တောင်ကုတ်တက္ကသိုလ်မှာ တပ်စွဲဖို့ပြင်ဆင်နေသလို လေယာဥ်နဲ့ပျံဝဲတာတွေပါ ရှိနေတာကြောင့် တိုက်ပွဲဖြစ်လာမှာစိုးရိမ်ကြတဲ့ မြို့ခံတွေ အခုလို ထွက်ပြေးတိမ်းရှောင်ကြတာလို့ မြို့ခံတွေက ပြောပါတယ်။

မြို့ပေါ်မှာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတယ်ဆိုတဲ့အပေါ် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

တစ်ကျော့ပြန်တိုက်ပွဲ လေးလကျော်အတွင်း ရက္ခိုင့်တပ်တော် (AA) ဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ်အပြင် ရခိုင်မြောက်ပိုင်းက မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်ခွဲဖြစ်တဲ့ တောင်ပြိုမြို့ကိုပါ သိမ်းပိုက်ထားပါတယ်။