စစ်ကိုင်း တောင်ရင်းရွာကို စစ်ကောင်စီတပ်ဝင်ရောက်မှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တောင်ရင်းရွာကို နိုဝင်ဘာ ၁၈ ရက်၊ ဒီနေ့မနက် ငါးနာရီက အင်အား ၃၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ဒေသခံ လေးထောင်နီးပါး ထွက်ပြေးနေရတယ်လို့ စစ်ကိုင်းမြို့က ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာဟာ မင်းကွန်းတောင်ရိုးအနောက်ဘက်က အိမ်ခြေ ၁၀၀၀ နီးပါးရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပြီး နေအိမ်အချို့လည်း မီးရှို့ခံထားရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တောင်ရိုးရွာကို ပထမဆုံးအကြိမ် စစ်ကြောင်းဝင်တာပေါ့။ အိမ်ခြေက ရှစ်ရာ၊ တစ်ထောင်စွန်းစွန်းပဲ ရှိပါတယ်။ ဒေသခံတွေက ပြီးခဲ့တဲ့ ၁၃ ရက်နေ့ကတည်းက စစ်ကြောင်းဝင်မယ် သတင်းရလို့ ကြိုပြေးကြတာ။ ရွာက ရွာကြီးထဲမှာ ပါတယ်။ မီးရှို့တာက ဘယ်နှစ်အိမ် လောင်တယ်ဆိုတာ အရေအတွက် မသိရသေးဘူး"

ဒေသခံတွေဟာ စစ်ကိုင်းမြို့ပေါ်နဲ့ နီးစပ်ရာ ရွာတွေ၊ တောင်ယာတွေထဲကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သူကဆိုပါတယ်။

တောင်ရင်းရွာက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေနဲ့ ပတ်သက်လို့ စစ်ကိုင်းက ပြောခွင့်ရပုဂ္ဂိုလ် လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်လို့ မရသေးပါဘူး။

လက်ရှိအချိန်အထိ စစ်ကြောင်းကရွာထဲမှာ ရှိနေသေးတာကြောင့် နေအိမ်တချို့ မီးလောင်နေပေမယ့် ရွာထဲ မီးဝင်ငြှိမ်းလို့ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ တစ်လအတွင်းမှာ စစ်ကိုင်းတိုင်းတစ်ခုထဲမှာ နေအိမ်၊ အဆောက်အအုံပေါင်း ၁၁၂၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျုဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။