တန့်ဆည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေ၊ ခုနစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အနောက်ခြမ်း အင်းရွာကို မတ်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းရွာအတွင်းနဲ့ အနီးပတ်ဝန်းကျင်ကို ဗုံးခုနစ်လုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဦးထွန်ဝေဆိုသူ သေဆုံးခဲ့ပြီး ကိုရင်တစ်ပါး အပါအဝင် အမျိုးသားခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဘုန်းကြီးကျောင်းက ဆွမ်းစားဆောင် ပျက်စီးသွားတယ်။ နောက်ပြီးတော့ ရွာထဲက အိမ်လေးအိမ်လည်း ပျက်စီးသွားပါတယ်”

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့လာရောက် ဗုံးကြဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦးသေဆုံးပြီး ၂၆၄၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။