ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မီးလက်ဝ အ.ထ.ကကျောင်းက မူလတန်းပြကျောင်းဆရာ ဦးမောင်ဝင်းသန်းကို စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၆ ရက် မနက်၉နာရီမှာ ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။
ဦးမောင်ဝင်းသန်းဟာ မီးလက်၀ အ.ထ.က ကျောင်းကိုအသွား ဒေသခံ သုံးဦးနဲ့အတူ လောင်းကတူး တံတားပေါ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
ဒေသခံ သုံးဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဦးမောင်ဝင်းသန်းကို ဆက်လက်ဖမ်းဆီးထား တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"သူနဲ့အတူ ဖမ်းဆီးခံရတဲ့ သုံးဦးကို ပြန်လွှတ်တယ်၊ ဖမ်းဆီးခံရတော့ မျက်နှာကို ပုဝါစည်းထားတယ်၊ ပြီးတော့ တစ်နာရီလောက် လမ်းလျှောက်ခေါ်သွားတယ်၊ ဟိုရောက်တော့ တစ်နေရာစီ ဖမ်းချုပ်ထားတယ်၊ နောက်ရက်ကျတော့ ပြန်လွှတ်ပေး တယ်၊ ဦးမောင်ဝင်းသန်းကိုတော့ ပြန်မလွှတ်ပေးခဲ့ဘူး"
အသက် ၄၀ အရွယ် ရခိုင်လူမျိုးတစ်ဦးဖြစ်တဲ့ ကျောင်းဆရာ ဦးမောင်ဝင်းသန်းဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာနေထိုင်သူဖြစ်ပြီး မီးလက်၀ အ.ထ.က ကျောင်းမှာ တာဝန်ထမ်းဆောင်နေတာပါ။
ပြန်လွှတ်လာသူတွေရဲ့ပြောပြချက်အရ ဖမ်းဆီးခံရတဲ့အချိန်ကနေ ပြန်လွှတ်တဲ့အထိ လှောင်အိမ်ထဲမှာ ပိတ်လှောင်ခံခဲ့ရပါတယ်။ ဆက်လက်ဖမ်းဆီးထားတဲ့ ဦးမောင်ဝင်းသန်း ကိုတော့ ဘာကြောင့်ဆက်လက်ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးသလို ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရဘူးလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ဦးမောင်ဝင်းသန်း ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ် ပြန်တာ မရှိသေးပါဘူး။
ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ယခုနှစ် ဇူလိုင်လကစလို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်လာတာပါ။ ဒီတိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ၁၇,၄၀၀ ဦး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) အောက်တိုဘာလ ၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။