ရေနံချောင်းက CDM ဆရာမ အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ် ချမှတ်ခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်က မူလတန်းပြ CDM ကျောင်းဆရာမတစ်ဦး ဖြစ်တဲ့ ဒေါ်စန္ဒာမိုးဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင် သုံးနှစ် ချမှတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

CDM ဆရာမ ဒေါ်စန္ဒာမိုးဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅(က) နဲ့ ရေနံချောင်းမြို့နယ် တရားရုံးမှာ အမိန့်ချမှတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေနံချောင်းမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

"ဆရာမက ပုဒ်မ - ၅၀၅(က) တစ်မျိုးတည်းပါပဲ။ အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ် ချမှတ်ခံလိုက်ရပေမယ့် တရားခွင်က အထွက်မှာ လက်သုံးချောင်းထောင်ပြတဲ့ အာဂ သတ္တိခဲပါ။ ကျနော်တို့လူငယ်တွေ ဒီထက်ပိုပြီး တော်လှန်ရမယ်။ ဒါမှ မတရားဥပဒေနဲ့ ဖမ်းဆီးခံရတဲ့သူတွေ အမြန်ဆုံးပြန်လွတ်မယ်"

အသက် ၄၀ အရွယ် ဆရာမ ဒေါ်စန္ဒာမိုးဟာ လူမှုရေးမကျေနပ်ချက်နဲ့ နှစ်ကြိမ် တိုင်တန်း ခံရပြီးနောက် တတိယတစ်ကြိမ်မှာ PDF ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်း ခံခဲ့ရတာလို့ ဆိုပါတယ်။

CDM ဆရာမ ဒေါ်စန္ဒာမိုးဟာ ၂၀၂၁ မတ်လကတည်းက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာပါဝင်နေသူတစ်ဦး ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ အာဏာသိမ်း တစ်နှစ်ကျော် ကာလအတွင်း နိုင်ငံတစ်ဝန်းမှာ ပြည်သူ ၁၂,၂၁၉ ဦး အဖမ်းခံထားရပြီး အဲဒီအထဲမှာ CDM ဆရာ၊ ဆရာမ ၂၂၁ ဦး ပါဝင်ပါတယ်။