တီးတိန်မှာ မြေပြိုပြီး အမျိုးသမီးတစ်ဦး သေဆုံး၊ တစ်ဦး ထိခိုက်
2024.09.20
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်ဘုန်ရွာမှာ စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းက မိုးသည်းထန်ပြီး မြေပြိုတာကြောင့် ဒေသခံ အမျိုးသမီး တစ်ဦး သေဆုံးပြီး နောက်ထပ် တစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သူတို့ဟာ တောင်ယာမှာ ပြောင်းဖူး ရိတ်သိမ်းနေတာကြောင့် ယာတဲထဲမှာ ညအိပ်နေချိန် ပြိုကျခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူဟာ အသက် ၅၆ နှစ်အရွယ် ဒေါ်ကျောင်းရှင်းကျိန် (Pi Ciang Sain Cin) ဖြစ်ပြီး ဒဏ်ရာရတဲ့ အသက် ၆၀ အရွယ်အမျိုးသမီးကိုတော့ တီးတိန်မြို့ဆေးရုံမှာ ဆေးကုသနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးများတဲ့အပြင် တောင်ယာတဲရဲ့ အပေါ်ထပ် ထပ်ခိုးမှာ ရိတ်သိမ်းထားတဲ့ ပြောင်းဖူး အများအပြား သိမ်းဆည်းထားတာကြောင့် အလေးချိန်များပြီး အခုလို ပြိုကျခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ည ၁၀ နာရီကျော်လောက်မှာ သူတို့ ညအိပ်တဲ့ တဲ ပြိုကျသွားတာ၊ သူတို့ အမျိုးသမီးနှစ်ယောက်တည်းဆိုတော့ ဘာမှလုပ်လို့မရဘူးဖြစ်တာပေါ့။ နောက်နေ့ ရွာက တောင်ယာဘက်သွားတဲ့သူတွေက တွေ့ပြီး ကယ်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရတဲ့ တစ်ယောက်က ခါးအောက်ပိုင်း မလှုပ်နိုင်တော့ ချက်ချင်း ဆေးရုံပို့ဖို့ လုပ်နေရတယ်။ တစ်ယောက်ကတော့ တဲပိပြီး ဆုံးသွားတာ"
ချင်းပြည်နယ်အတွင်း မြေပြိုမှုတွေအတွက် ဘယ်လိုကူညီရေးတွေလုပ်မလဲဆိုတာ သိရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က လိုင်ဘုန်ရွာမှာ မြေပြိုကျမှုကြောင့် နေအိမ် အားလုံးနီးပါး ပြောင်းရွှေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က စက်တင်ဘာလ ၁၉ ရက် ညနေအထိ ရရှိထားတဲ့စာရင်းအရ နိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၃၀၃ ဦးအထိရှိလာပြီဖြစ်ပါတယ်။