ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သပိတ်တောင်ရွာကို စက်တင်ဘာလ၂၃ရက် မနေ့ညနေက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် လူနေအိမ်တချို့ ပျက်စီးဆုံးရှုံးခဲ့ပြီး အရပ်သားတချို့လည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သပိတ်တောင်ရွာမှာ အိမ်ခြေ ၆၀ ကျော်နဲ့ဒေသခံ ၃၀၀ နီးပါးနေထိုင်ပြီး အများစုက ရခိုင်တိုင်းရင်းသားတွေဖြစ်ပါတယ်။ စစ်ကောင်စီတပ်သားတွေ ရွာထဲမှာရှိနေဆဲဖြစ်လို့ လူနေအိမ်ဘယ်လောက် မီးလောင်ဆုံးရှုံးသွားတယ်ဆိုတာ မသိရသေးသလို ဖမ်းဆီးခံ ထားသူ အရေအတွက်ကိုလည်း မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တိုက်ပွဲဖြစ်ပွားနေတာ လုံးဝမရှိဘူး၊ ရွာထဲကို စစ်ကြောင်းဝင်လာတော့ ဒေသခံတွေ အကုန် ကြောက်လန့်ပြီး ပြေးကြတယ်၊ အထဲမှာ ပိတ်မိနေတဲ့ ဘုန်းကြီးတစ်ပါးနဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ရွာအပြင်နှင်လွှတ်တယ်၊ နေအိမ်တချို့ကို မီးရှို့တယ်၊ ဒေသခံတချို့ကိုလည်း ဖမ်းဆီးထားတာရှိတယ်"
ဒါ့အပြင် စစ်ကောင်စီတပ်က မွတ်စလင်အများစုနေထိုင်တဲ့ သပိတ်တောင်မြောက် ရွာကိုလည်း မနေ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို ဒီကနေ့ RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အရပ်သား ထိခိုက်မှုနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ ရှိနေပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်တပ်နဲ့ AA အကြား လက်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်ရတဲ့ ပြည်တွင်းစစ်ဘေးဒုက္ခသည် ၉၆၀၀ နီးပါးရှိပါတယ်