မွန်ပြည်နယ် သထုံမြို့နယ် အလံတစ်ရာနယ်မြေမှာ အရွယ်မရောက်သေးတဲ့ မိန်းကလေး အမြောက်အများကို သားမယားအဖြစ်ယူပြီး အတည်တကျ မပေါင်းသင်းတဲ့ အလံတစ်ရာ ဆရာတော် ဝင်စားတယ်လို့ ဒေသခံအချို့က ယုံကြည်နေသူကို ဥပဒေကြောင်းအရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ်လွှတ်တော် ကလေးသူငယ်နဲ့ အမျိုးသမီးအခွင့်ရေးကော်မတီ ဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။
ကာယကံရှင် မိန်းကလေးတွေရဲ့ မိဘတွေ၊ ရပ်သူရွာသားတွေက တိုင်ကြားထားတဲ့အတွက် မိန်းကလေးတွေကို ခုလ ၂၁ ရက်နေ့မှာ စစ်မေးဖို့ရှိပြီး ကျူးလွန်သူကို ဥပဒေကြောင်းအရ အရေးယူဖို့ ဆောင်ရွက်သွားမယ်လို့ မွန်ပြည်နယ် ကလေးသူငယ်နဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။
"ကလေးမိဘတွေ တိုင်ထားတာတွေရှိတယ်၊ ရွာသားတွေ တိုင်ထားတာလည်းရှိတယ်၊ ပန်းဦးလွှတ်တယ် ဆိုတာက တင်းစားပြီးရေးလိုက်တာပါ၊ တကယ်တော့ မိဘတွေကိုယ်တိုင်က သူကလာတောင်းရင်ပေး စားတယ်၊ အမပြီးရင် ညီမယူတယ်၊ မင်္ဂလာဆောင်တယ်၊ မိန်းကလေးတစ်ယောက်ကို တစ်လပဲပေါင်း တယ်၊ ကလေးသူငယ် အခွင့်အရေး အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အမ အရေးယူသွားဖို့ ရှိတယ်"
သထုံမြို့နယ် အလံတစ်ရာ သာသနာ့နယ်မြေမှာ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ အလံတစ်ရာ ဆရာတော်ဘုရားကြီး ဝင်စားတယ်ဆိုပြီး ခွန်တန်ဆိုတဲ့လူကို ဒေသခံ မိဘတွေကိုယ်တိုင်က သမီးတွေနဲ့ ပေးစားတာမျိုးတွေတောင် ရှိနေတယ်လို့ ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်တာတွေ လုပ်သွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုကလည်း ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
အလံတစ်ရာဆရာတော် ဝင်စားတယ်ဆိုတဲ့ ခွန်တန်ကို ဘုရားတည်တဲ့ကိစ္စနဲ့ တရားစွဲဆိုထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။