ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ မြန်မာကျောင်းသားတွေ ဘယ်လိုတက်ရမလဲဆိုတာ ရှင်းလင်းတင်ပြမယ့် ပညာရေးပြပွဲတစ်ခုကို ရန်ကုန်မြို့က ဆီဒိုးနားဟိုတယ်မှာ လာမယ့်ဧပြီလထဲပြုလုပ်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ ကျောင်းတက်ဖို့ ရည်မှန်းထားတဲ့သူတွေအနေနဲ့ အဲဒီပြပွဲမှာ ကိုယ်နှစ်သက်ရာကျောင်းကို ရွေးပြီး တစ်ခါတည်းဝင်ခွင့်လျှောက်လို့ ရနိုင်မှာဖြစ်သလို၊ ပညာသင်ဆုအတွက် ပြင်ဆင်လုပ်ဆောင်ပုံတွေကိုလည်း စုံစမ်းနိုင်မယ်လို့ ဆိုပါတယ်။
အထက်တန်းမအောင်သေးတဲ့သူတွေအတွက်လည်း ပညာရေးဘယ်လိုဆက်မလဲဆိုတာသိနိုင်မယ့် foundation program လို့ခေါ်တဲ့ အခြေခံအချက်အလက်တွေအကြောင်း ပြပွဲမှာ ရှင်းပြမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ကျောင်းခဏတက်ပြီး တခြားနိုင်ငံကို ကူးချင်သူတွေအတွက်လည်း dual program၊ exchange program လို့ခေါ်တဲ့ အစီအစဉ်တွေကို တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းခွင့်ရမယ်လို့ ကြေညာထားပါတယ်။
အဲဒီပြပွဲကို ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း (AMAUT) က ဧပြီလ ၇ ရက်မှာ ကြီးမှူးလုပ်ဆောင်မှာဖြစ်သလို၊ ဒီနှစ်ပြပွဲက ခုနစ်ကြိမ်မြောက်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ ၆ ကြိမ်မြောက်ပြပွဲမှာတော့ ထိုင်းနိုင်ငံက ကျောင်း ၁၃ ကျောင်းနဲ့ ချိတ်ဆက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူနဲ့ မိဘ၊ ဆရာ ပေါင်း လေးရာကျော် လာရောက်လေ့လာခဲ့တယ်လို့ ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်းက ထုတ်ပြန်ထားပါတယ်။
ကိုဗစ်ကပ်ရောဂါအပြင် စစ်အာဏာသိမ်းမှုဂယက်ကြောင့် ပညာရေးတစ်ပိုင်းတစ်စနဲ့ ရပ်ထားရတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူတွေဟာ ထိုင်းအပါအဝင် တခြားနိုင်ငံတွေမှာ ပညာသင်နိုင်ဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒီအတောအတွင်းမှာပဲ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ့်ဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်တဲ့အတွက် လူငယ်တွေဟာ ပြည်ပကို ထွက်နိုင်မယ့်နည်းလမ်းတွေ ရှာနေကြပါတယ်။