ထိုင်းလွှတ်တော်မှာ မတ်လ ၂ ရက်နေ့ကစပြီး နှစ်ရက်ကြာကျင်းပမယ့် မြန်မာ့အရေးဆွေးနွေးပွဲဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေတယ်ဆိုပြီး မြန်မာစစ်ကောင်စီက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို စာပေးပို့လိုက်ပါတယ်။
ဒီဆွေးနွေးပွဲဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံ ရင်းနှီးတဲ့ဆက်ဆံရေးကို အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်စေပြီး ထိုင်းလွှတ်တော်အနေနဲ့ နှစ်နိုင်ငံရင်းနှီးမှုကို အဟန့်အတားဖြစ်စေနိုင်တဲ့ လှုပ်ရှားမှုတွေ မလုပ်ဖို့ စစ်ကောင်စီရဲ့ ကန့်ကွက်စာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
မြန်မာစစ်ကောင်စီကို ဆန့်ကျင်နေသူတွေ ပါဝင်တဲ့ ဒီဆွေးနွေးပွဲကို ထိုင်းအတိုက်အခံလွှတ်တော်အမတ်တွေ ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာကော်မတီ ဥက္ကဋ္ဌ Rangsiman Rome က ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့မယ့် နိုင်ငံရေးအဖြေရှာဖို့ လမ်းခင်းပေးတာဖြစ်ပြီး ဒါဟာ ပါဝင်ပတ်သက်သူတွေ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ပထမခြေလှမ်းဖြစ်ကြောင်း ပြောခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မိန့်ခွန်းပြောဖို့ လျာထားခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အစီအစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ပါရှိပါတယ်။
ဒီဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က အွန်လိုင်းကနေ ပါဝင်ခဲ့ပြီး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့က ကိုယ်စားပြုသူတွေအပြင် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေလည်း တက်ရောက်ခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ အာဏာသိမ်းပြီး သုံးနှစ်အကြာ မြန်မာပြည်ဒီမိုကရေစီရရှိရေးနဲ့ ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးအပေါ် အကျိုးသက်ရောက်မှုတို့ကို အဓိကဆွေးနွေးကြတာ ဖြစ်ပါတယ်။