မြန်မာအလုပ်သမား ၈ဝ ကို မြန်မာနိုင်ငံပြန်ပို့ဖို့ ထိုင်းတရားရုံး အမိန့်ချ


2017.01.31
myanmar-workers-thai-620.jpg ထိုင်းနိုင်ငံမှာ နယ်မြေဖြတ်ကျော်မှုနဲ့ အဖမ်းခံရတဲ့ မြန်မာတွေကို ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ်
Photo: Ye Min - ACC

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ ထားဝယ်မြို့မှာ နိုင်ငံကူးလက်မှတ်လုပ်ကိုင်မယ့် မြန်မာအလုပ်သမား ၈၀ ကို နယ်မြေဖြတ်ကျော်မှုနဲ့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဒီကနေ့မှာ မြန်မာနိုင်ငံ ကို ပြန်ပို့ဖို့ ထိုင်းတရားရုံးက အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေအရ နယ်မြေဖြတ်ကျော်တဲ့ အလုပ်သမားတွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အမိန့်ချလိုက် တာကြောင့် အလုပ်သမားတွေ နစ်နာမှုတွေအများကြီးရှိတဲ့အတွက် ပြန်ပို့မခံရရေး ကြိုးစားနေတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

"အဓိကက နယ်ကျော်မှုပေါ့။ သူတို့က သံရုံးထောက်ခံစာတစ်ခုတည်းပါတယ်။ အလုပ်ရှင်ထောက်ခံစာနဲ့ ခရီးသွားထောက်ခံစာ မပါတဲ့အတွက် ဖမ်းလိုက်တာပါ။ တရားရုံးကနေ အမိန့်ချလိုက် တယ် မြန်မာပြည်ပြန်ရမယ်ဆိုပြီးတော့ အဲ့ဒါကို ကျွန်တော်တို့အဖွဲ့တွေက လာညှိနိုင်းတယ်ပေါ့နော်။ ဒီအလုပ်သမားတွေကို မြန်မာပြည်မပြန်ပို့ပါနဲ့ ။ ပွဲစားတွေယူထားတဲ့ ပိုက်ဆံတွေကို ပြန်တောင်း ချင်တယ်။ ပွဲစားတွေကို ပြန်ဖမ်းချင်တယ်ဆိုတာကို အတတ်နိုင်ဆုံး ကြိုးစားနေတယ်။ အလုပ်သမား သံအရာရှိတို့က ပြန်သွားပြီ။ အလုပ်သမားသံအရာရှိတို့က နှစ်နိုင်ငံချစ်ကြည်ရေးဆိုတာကို ခေါင်းစဉ် တပ်ပြီးတော့ ဥပဒေအတိုင်းပဲ လုပ်မယ်ဆိုပြီးတော့၊ ဥပဒေအတိုင်းဆိုရင် ကျွန်တော်တို့ မြန်မာအလုပ် သမားက နစ်နာသွားပြီလေ။ ပွဲစားတွေယူသွားတဲ့ ပိုက်ဆံတွေ ပြန်မရမယ့်အပြင် မြန်မာပြည် ကိုလည်း ပြန်ရောက်မယ်။ ပန်းရောင်ဘတ်တွေလည်း ပြန်သိမ်းခံရမယ်။ သူတို့ဥပဒေအတိုင်း ဆိုရင် ထောင်လည်း ၄၈ ရက်လောက် ကျဦးမယ်"

အဲဒီအလုပ်သမားတွေဟာ ဘန်ကောက်မြို့နဲ့ မဟာချိုင်က စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့သူတွေဖြစ် ပြီး မြန်မာနိုင်ငံ ထားဝယ်မြို့မှာ နိုင်ငံကူးလက်မှတ် ပြန်လုပ်ဖို့အတွက် လာတဲ့လမ်းမှာ နခွန်ပထုံရဲစခန်းကနေ နယ်မြေဖြတ်ကျော်မှုနဲ့ မနေ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ်လုပ်ဖို့အတွက် အလုပ်သမားတွေက ပွဲစားတွေကို ဘတ်ငွေ တစ်သောင်းလောက်ပေးကြ ရတယ်လို့လည်း ပြောပါတယ်။

ဖမ်းမိထားတဲ့ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့်ရရှိတဲ့ ပန်းရောင်ကတ် သက်တမ်း မကုန်သေးတဲ့သူတွေဖြစ်ပေမယ့် ထိုင်းနိုင်ငံရဲ့ ဥပဒေအရ သတ်မှတ်ထားတဲ့ နယ်မြေထက်ကျော်လွန်ပြီး မသွားရဆိုတဲ့ သတ်မှတ်ချက်နဲ့ အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။