ထိုင်းနိုင်ငံကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၂ ဦးကို မတ်လ ၁၃ ရက်နေ့မနက်မှာ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ငါးဦးကို ကန်ချနပူရီပြည်နယ်၊ သောင်ဖာဖန်ခရိုင်၊ သခါနမ်မြို့အနီး သစ်တောထဲမှာ မတ်လ ၁၃ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့် သတင်းဌာနက ဖော်ပြပါတယ်။
ဖမ်းဆီးရမိသူတွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးတဲ့အခါမှာ ခရီးသွားခွင့်အထောက်အထားတွေ မတွေ့ရဘူးလို့ ထိုင်းအရာရှိက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုလို့ တစ်ဦးကို ဘတ်ငွေ တစ်သောင်းသုံးထောင်ကနေ တစ်သောင်းခွဲအထိ ကုန်ကျခဲ့ရပြီး အလုပ်လုပ်ရမဲ့နေရာကိုသွားဖို့ ပို့ပေးမဲ့သူကို စောင့်နေချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူဖို့ သောင်ဖာဖန်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကိုကျင့်သုံးတော့မယ်လို့ စစ်ကောင်စီက ကြေညာလိုက်ပြီးနောက်ပိုင်း ပြည်ပနိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့ ထွက်ကြတဲ့ လူငယ်တွေထဲမှာ အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်ဖို့ ကြိုးစားရင်း အဖမ်းခံရသူ ရာနဲ့ချီ ရှိနေတယ်လို့ ထိုင်းအခြေစိုက် အလုပ်သမားအရေးကူညီနေသူတွေက ပြောထားပါတယ်။