ထိုင်းနိုင်ငံတောင်ပိုင်း စူလပ်ဌာနီခရိုင် ချိုင့်ရာမြို့ ဖွန်ဖတ်သစ်စက်ရုံမှာ အလုပ်ရှင်အသစ်ပြောင်းလို့ အလုပ် ထုတ်ခံလိုက်ရတဲ့ အလုပ်သမားအယောက် ၁၁၀ အတွက် နစ်နာကြေး ဘတ်ငွေ ၁၂ သိန်းကျော်ကို အောက်တို ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ရရှိခဲ့ပြီလို့ NUG ရဲ့ အလုပ်သမားဝန်ကြီးဌာန ပြည်ပအလုပ်သမား စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူ ဦးဝေလင်းမောင်က ပြောပါတယ်။
“စူရတ်ကေ့စ် ဆိုရင်လည်း သူဌေးပြောင်းလိုက်တဲ့အချိန်မှာ အလုပ်သမား ၁၁၀ က အလုပ်မရတော့ဘူး။ ၂၈ ရက်နေ့ကနေ အလုပ်မဆင်းခိုင်းတော့ဘူး။ ကိုရဲမင်း ဦးဆောင်တဲ့ AAC အဖွဲ့ကို တောင်းဆိုတယ်။ နောက်တစ်ခု သူတို့ဆန္ဒပြပြီးတော့ အလုပ်သမား NUG အလုပ်သမားဝန်ကြီးဌာနကနေ ဝင်ရောက်ဖြေရှင်းပေးဖို့ဆိုပြီး ကျွန်တော်တို့ကို တောင်းဆိုတဲ့အတွက်ကြောင့် ကျွန်တော်တို့ သွားဖြေရှင်းပေးတယ်။ ဒီ ၆ ရက်နေ့မှာ သူဌေးဘက်က ချပြတဲ့အတိုင်း ၅၀ ရာခိုင်နှုန်းကို အလုပ်သမားတွေဘက်ကလည်း သဘောတူတယ်။ ၁၄ ရက်နေ့မှာ သူတို့စက်ရုံတွေမှာ ဘဏ်ကဒ်တွေ ရှိပြီးတော့ ဘဏ်ကဒ်ကနေ လွှဲပေးလိုက်တယ်။ ဒီနေ့ထိတော့ အလုပ်သမားတွေ အကုန်လုံးက တော်တော်များများကတော့ ပိုက်ဆံရပြိလို့ ပြောပါတယ်”
အောက်တိုဘာလ ၆ ရက်နေ့က အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ဌာနရှေ့မှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေ သဘောတူညီမှု ရရှိခဲ့ပြီး တရားမစွဲတော့ဘဲ နစ်နာကြေး ၅၀ ရာခိုင်နုန်းရဖို့ သဘောတူညီခဲ့ပြီး အောက်တိုဘာလ ၁၅ ရက်နေ့မှာ အလုပ်သမားတွေက နစ်နာကြေးငွေကို ဘဏ်ကနေ ရရှိတယ်လို့ ဦးဝေလင်းမောင်က ပြောပါတယ်။
လုပ်သက် ၆ နှစ် အထက်ရှိတဲ့ အလုပ်သမားတွေအတွက် တစ်ဦးကို နစ်နာကြေးငွေ ဘတ်ငွေ ၃ သောင်း၊ လုပ်သက် ၅ နှစ်ရှိသူတွေကို တစ်ဦး ဘတ် ၁၅၀၀၀ ၊ လုပ်သက် ၁ နှစ်မှ ၃ နှစ် ရှိသူတွေကို တစ်ဦးကို ဘတ် ၁၀၀၀၀ ၊ လုပ်သက် ၄ လကနေ ၁ နှစ်အောက်ရှိသူတစ်ဦးကို ဘတ် ၅၀၀၀ ဆိုပြီး လုပ်သက်အလိုက် နစ်နာကြေးတွေ ရရှိခဲ့တာဖြစ်ပါတယ်။
လုပ်သက် လပိုင်းပဲ ရှိသေးတဲ့ အလုပ်သမားအယောက် ၃၀ ကိုလည်း တရားဝင်အလုပ်ပြောင်းရွှေ့ခွင့် စာရွက်စာတမ်းကို အလုပ်ရှင်ဆီက ရရှိခဲ့တယ်လို့ ဦးဝေလင်းမောင်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနဟာ ပြည်တွင်းပြည်ပက မြန်မာအလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ အကျိုးခံစားခွင့်တွေရရှိအောင် တတ်နိုင်တဲ့ဘက်က အကူအညီ ပေးနိုင်ရေးအတွက် တိုင်းကြားရေးယန္တရားဖွင့်လှစ်ပြီး ကူညီအောင်ရွက်ပေးနေတယ်လို့လည်း NUG ရဲ့ အလုပ်သမားဝန်ကြီးဌာန ပြည်ပအလုပ်သမား စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူက ပြောပါတယ်။