ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့ကြောင်း ကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန်ဒီစီမြို့မှာတွေ့ဆုံချိန် မြန်မာနိုင်ငံရဲ့ ဆိုးဝါးနေတဲ့အခြေအနေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပန်ဖရီး ပါထီဟာနုကွန်း (Panpree Phathithanukorn ) တို့ ဖေဖော်ဝါရီ ၁၂ ရက်က တွေ့ဆုံခဲ့တာပါ။

သက်ဆိုင်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကို အကောင်အထည်ဖော်ဖို့၊ မတရား ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့၊ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ အရပ်သားအစိုးရ ဒီမိုကရေစီလမ်းကြောင်းကိုပြန်သွားဖို့ တိုက်တွန်းတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေကို လူသားချင်းစာနာမှု အကူအညီပေးရေး တိုးမြှင့်ဆောင်ရွက်ဖို့ အရေးပေါ် လိုအပ်နေတဲ့အကြောင်း အလေးထားဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ထိုင်းအစိုးရဟာ ထိုင်းနယ်စပ် မဲဆောက်နဲ့ ကရင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှု ကူညီပေးရေးစင်တာတွေ ဖွင့်လှစ်ဖို့စီစဉ်နေပါတယ်။

ကုလသမဂ္ဂလူ သားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် နှစ် ဒသမ ခြောက်သန်းကျော်အထိ ရှိလာပါတယ်။