ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မြောက်ဘက် ဆယ်မိုင်ကျော်အကွာ လင်းသီရွာအနားမှာ မေလ ၉ ရက် မနေ့ညက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီနေ့မနက်မှာလည်း သံတွဲမြို့ပေါ်က စစ်ကောင်စီတပ်ရင်းတွေနဲ့ စစ်ရေယာဥ်တွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပြီးပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က လေးနာရီကစဖြစ်တာ ညဆယ်နာရီအထိဖြစ်တယ်။ လင်းသီရွာတံတားဦးမှာ စစ်တပ်ချထားတာရှိတယ်။ AAကတော့ နတ်တောင်မော်မှာ အထိုင်ချထားတယ်။ နှစ်ဖက်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ကြတယ်။ ဒီနေ့မနက်လည်း တပ်ရင်းတွေနဲ့ နေဗီက လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်”
လက်ရှိမှာတော့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်တာပါ။
အဲဒီတိုက်ပွဲတွေကြောင့် ရေကောက်၊ ပုရစ်၊ ဒေါ်မြ စတဲ့ရွာတွေအပါအဝင် သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းအနီးမှာရှိတဲ့ ကျေးရွာပေါင်း တစ်ဆယ်ကျော်က ဒေသခံတစ်သောင်းနီးပါးလည်း သံတွဲ၊ တောင်ကုတ် မြို့ပေါ်တွေနဲ့ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။
အခုလို သံတွဲတိုက်ပွဲ အခြေအနေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ တစ်ကျော့ပြန်တိုက်ပွဲဖြစ်တာ အချိန် ခြောက်လနီးပါးရှိနေပြီး မြို့နယ် ကိုးမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။ လက်ရှိမှာလည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ အမ်းနဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။