သန်လျင်မှာ လူငယ် ၂၅ ဦးထက်မနည်း ဖမ်းဆီးခံရ

Updated 6:30 PM Feb 15, 2024

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် ငွေသန်းဝင်းရပ်ကွက်ထဲက လူငယ် ၂၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရန်ကုန်တိုင်း တောင်ပိုင်းတိုင်း အမှတ်(၂)စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရဲဘော်တစ်ဦးက ပြောပါတယ်။

ငွေသန်းဝင်းရပ်ကွက်ထဲက အသက်နှစ်ဆယ်ဝန်းကျင် လူငယ် ၂၅ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ စစ်ကောင်စီပူးပေါင်းအဖွဲ့က တစ်အိမ်တစ်ယောက် မလိုက်မနေရဆိုပြီး ခေါ်ဆောင်သွားတာလို့ တောင်ပိုင်းတိုင်း အမှတ်(၂)စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရဲဘော် ဆန္ဒ က RFA ကိုပြောပါတယ်။

“အခုလက်ရှိပေါ်တာဆွဲတာကတော့ သန်လျင်မြို့၊ ကမ်းနားကပေါ့နော် ပျူစောထီးခေါင်းဆောင် အောင်လွင် ကနေပြီးတော့ လူစုဆောင်းပြီးတော့ ဘုရားကုန်းက (၁၃၉ )အမြောက်တပ်ရင်းကို ပို့ဆောင်နေတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။ ငွေသန်းဝင်းရပ်ကွက်ထဲကဆိုရင်တော့ လူငယ် ၂၅ ဦးထက်မနည်းကတော့ လောလောဆယ်မှာ ဆွဲခံထားရတယ်လို့ ကြားတယ်ဗျ။ ၁၂ ရက်နေ့ကစပြီး သူတို့ လှုပ်ရှားနေတာပေါ့နော်။”

ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းကလည်း ဒါရ်ဂါရပ်ကွက်က နေအိမ်တွေကို ဧည့်စာရင်းဝင်စစ်ပြီး အထောက်အထားမခိုင်လုံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခန့်မှန်း မြို့ခံဆယ်ဦးထက်မနည်းကို ဖမ်းဆီးသွားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်းက ကျားဘုရားဖူဆယ်ကွင်းမှာလည်း အသက်နှစ်ဆယ်အရွယ် လူငယ်တွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သတင်းတွေ ပြောဆိုထားပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီ ရန်ကုန်တိုင်းပြောခွင့်ရ တိုင်းဥပဒေချုပ် ဒေါ်ဖြူမာဝေကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ သန်လျင်မြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲတယ်ဆိုတဲ့ သတင်းတွေဟာ သတင်းမှားသာဖြစ်ပြီး အမှန်က သန်လျင်မြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံ ပြည်သူတွေရဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် အချိန်နှစ်ပတ်ခန့် သင်တန်းပေးဆောင်ရွက်နေပြီး အဲဒီသင်တန်းတွေမှာလည်း အသက်မပြည့်သေးသူတွေ ပါဝင်မှုမရှိကြောင်း ဖော်ပြထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးနောက်ပိုင်း ဒီရက်ပိုင်းမှာ ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးက ပြည်သူတွေ စိုးရိမ်နေကြပြီး နေ့စဉ်အသွားအလာ အထူးဂရုစိုက်နေကြရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီး သုံးနှစ်အကြာမှာ စစ်ကောင်စီဟာ တပ်စခန်းတွေ၊ ဗျူဟာကုန်းတွေ၊ နယ်မြေတွေနဲ့ မြို့တွေကို ဆုံးရှုံးထားသလို လက်အောက်ခံတပ်ဖွဲ့ဝင်တွေ လက်နက်ချတာ၊ ထွက်ပြေးတာတွေ ရှိလာပြီးနောက် ၂၀၁၀ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာပဲ စစ်ကောင်စီတပ်သားတွေက စစ်ကိုင်းတိုင်း၊ မုံရွာမြို့အတွင်း ဒေသခံ ငါးဆယ်ခန့်ကို ဖမ်းဆီးသွားသလို ဖေဖော်ဝါရီ ၁၃ ရက် မနက်ကလည်း ရန်ကုန် - မန္တလေး ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့ ခရီးသည် လူငယ်လေးဦးကို ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေက RFA ကိုပြောထားပါတယ်။

ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းမှာတော့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း စတဲ့မြို့ကြီးတွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်တဲ့နေ့ကစလို့ လူတွေဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလ သတင်းမှားတွေသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။