သရက်ချောင်း ပဲဒက်စစ်တပ်စခန်းကို မဟာမိတ်အဖွဲ့တွေ သိမ်းယူ

RFA Burmese
2024.05.08
သရက်ချောင်း ပဲဒက်စစ်တပ်စခန်းကို မဟာမိတ်အဖွဲ့တွေ သိမ်းယူ ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့က သရက်ချောင်းမြို့နယ် ပဲဒက်စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲတွင် မဟာမိတ်တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Jupiter

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ပဲဒက်စစ်ကောင်စီတပ်စခန်းကို မေလ ၈ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သုံးနှစ်ပြည့်မှာ ဒီစခန်းသိမ်းတိုက်ပွဲဖော်ဆောင်တာဖြစ်ပြီး မေလ ၈ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာလို့ NUG တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ ၃၊ ဒုစစ်ဒေသခွဲမှူး - ၂ ရဲဘော် ဂျူပီတာက ပြောပါတယ်။

"မေလ ၅ ရက်နေ့က (PDF) သုံးနှစ်ပြည့်မှာ တိုက်ပွဲဖော်တာ၊ ၈ ရက်နေ့မှာ မနက် ၈ နာရီကျော်မှာ စခန်းသိမ်းနိုင်တယ်၊ စစ်ကောင်စီဘက်က ရှစ်‌ယောက်ကျတယ်၊ လက်နက်ချတဲ့ စစ်ကောင်စီတပ်သား အရှင် ၂၆ ‌ယောက်ဖမ်းမိတယ်"

စစ်ကောင်စီဘက်ကလည်း စခန်းလက်မလွှတ်ရရေးအတွက် လေ‌ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို၊ ရေတပ်ကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို ပင်လယ်ပြာစစ်ဆင်ရေး/Operation T လို့ နာမည်ပေးထားပြီး ထားဝယ်ခရိုင်တပ်ရင်း(၁)၊ (၂)၊ မြိတ်ခရိုင်တပ်ရင်း(၁)၊ KNU တပ်မဟာ(၆) KNLA တပ်ရင်း (၂၇)၊ KNU တပ်မဟာ(၄) တပ်ရင်း (၁၂)၊ ဖက်ဒရယ်စစ်ကြောင်း၊ ဒေါင်းညီနောင်စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပါဝင်တယ်လို့လည်း ရဲဘော် ဂျူပီတာက ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ပဲဒက်၊ ပဲဝ၊ ကျောက်ဆည်၊ တံခွန်တိုင် စတဲ့ ကျေးရွာ ငါးရွာက ‌ဒေသခံ ၁,၅၀၀ ကျော် ထွက်ပြေးနေရတယ်လို့လည်း ‌ဒေသခံတွေကပြောပါတယ်။

သရက်ချောင်းမြို့နယ်အတွင်း ရငဲနဲ့ ကနက်သီရီရွာတွေကိုလည်း စစ်ကောင်စီက မေလ ၈ ရက်နေ့ညနေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူငယ် နှစ်ဦးနဲ့ အဖွားအို တစ်ဦး သေဆုံးခဲ့တယ်လို့ ‌ဒေသခံတွေက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ‌ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဧပြီ ၂၄ ရက်နေ့ကလည်း ထားဝယ်မြို့နယ်က စစ်ကောင်စီရဲ့ မောထစခန်းကို သိမ်းယူနိုင်ခဲ့သလို့ ဇန်နဝါရီလမှာလည်း ကျောက်ထုတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။