စစ်တပ်ကအာဏာသိမ်းပြီးနောက် အသက်အန္တရာယ်စိုးရိမ်ရလို့ အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ပို့ခံနေရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပြီး ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအနေနဲ့ ထိရောက်တဲ့အကူအညီတွေပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂထံ တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ တတိယကော်မတီအစည်းအဝေးတွေမှာ သူကတင်ပြခဲ့တာပါ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နေရပ်စွန့်ခွာသူဦးရေကို သိသိသာသာများလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား (Cox’s Bazar)၊ အိန္ဒိယ၊ ထိုင်းနဲ့မလေးရှားစတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ မြန်မာဒုက္ခသည်တွေနဲ့ နေရပ်စွန့်ခွာသူတွေ အများအပြား ရောက်ရှိနေတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂရဲ့စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာခဲ့ရသူ လူဦးရေ ၁.၄ သန်းကျော်ရှိနေပြီဖြစ်ပြီး ပြည်ပကို ထွက်ပြေးလာတဲ့ ဒုက္ခသည်ဦးရေဟာ အနည်းဆုံး ခုနစ်သောင်းရှိနေပြီလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အသက်အန္တရာယ်နဲ့ရင်ဆိုင်ရပြီး မြန်မာနိုင်ငံကနေ ထွက်ပြေးသွားသူတွေဟာ ထွက်ပြေးရောက်ရှိတဲ့ နိုင်ငံတွေမှာလည်း ပြန်လည်ဖမ်းဆီးခံရတာ၊ နေရပ်ပြန်ပို့ခံရတာတွေရှိလို့ အများစုကရုပ်ပိုင်း၊ စိတ်ပိုင်းဒဏ်ရာတွေ ရရှိနေကြောင်းနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအရေးတကြီးရဖို့ လိုအပ်နေတယ်လို့ သံအမတ်ကြီးက တင်ပြခဲ့ပါတယ်။
ဒုက္ခရောက်နေသူတွေကို လက်ခံပေးထားတဲ့နိုင်ငံတွေကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ လိုအပ်တဲ့အကူအညီတွေပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို မေတ္တာရပ်ခံတယ်လို့ သံအမတ်ကြီးကပြောပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးနေသူတွေကို အချိန်မီကာကွယ်မှုမပေးနိုင်ဘူးဆိုရင် သူတို့တွေဟာ လူကုန်ကူးတာနဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ် ခံရနိုင်တယ်လို့လည်း သံအမတ်ကြီးက ထည့်သွင်းပြောခဲ့ပါတယ်။
အောက်တိုဘာလ ၂၄ ရက်နေ့က လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ထုတ်ပြန်ချက်အရ မလေးရှားအာဏာပိုင်တွေဟာ မြန်မာသံရုံးက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး စက်တင်ဘာလ ၂၂ ရက်မှာ မြန်မာနိုင်ငံသား ၁၄၉ ဦး၊ အောက်တိုဘာလ ၆ရက်နေ့ မှာ ၁၅၀ ဦး နဲ့ အောက်တိုဘာ ၂၀ ရက်မှာ ၁၅၀ ဦးကို ကြိုတင်စီစဉ်ထားတဲ့လေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာသံရုံးနဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဧပြီလကနေ စက်တင်ဘာလလယ်လောက်အထိ မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာထားတဲ့ မြန်မာနိုင်ငံသား ၁၅၀၀ လောက်ကို MAI လေကြောင်းလိုင်း လေယာဉ်နဲ့ မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။