စစ်ကောင်စီက နျူကလီးယားစက်ရုံတည်ဆောက်မယ့်အပေါ် မျက်ခြည်မပြတ်ဖို့ သံအမတ်ကြီး တိုက်တွန်း

အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ စစ်ကောင်စီက ရှရှားနိုင်ငံက ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ဆိုထားတဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မျက်ခြည် မပြတ်စောင့်ကြည့်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံ ပထမကော်မတီရဲ့ လက်နက်ဖျက်သိမ်းရေးနဲ့ နိုင်ငံတကာလုံခြုံရေးကော်မတီ ဆွေးနွေးပွဲမှာ အခုလိုပြောခဲ့တာပါ။

NLD အစိုးရဟာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးနဲ့ အလုံးစုံဖျက်သိမ်းရေးကို ဦးစားပေးလုပ်ငန်းအနေနဲ့ ဆောင်ရွက်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်မှာ စစ်တပ်ရဲ့ အာဏာ သိမ်းမှုကြောင့် ဒီလုပ်ငန်းစဉ်တွေ ထိခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နျူကလီးယားကင်းမဲ့ဇုန်အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် အရေးပါတဲ့ နျူကလီးယားလက်နက်ဇုန်များ တည်ဆောက်ရေးအတွက် သဘောတူတယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ မြန်မာနိုင်ငံအတွင်း အသေးစား နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုတည်ဆောက်ဖို့နဲ့ နျူကလီးယားစွမ်းအင်ပူးပေါင်း ဆောင်ရွက်ဖို့ ကိစ္စတွေအတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက နျူကလီးယားခြိမ်းခြောက်မှုဟာ လူသားမျိုးနွယ် တည်ရှိမှုအတွက် အဆိုးဆုံးခြိမ်းခြောက်မှုဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ သဘာဝ ပတ်ဝန်းကျင်ပျက်ဆီးမှု၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာ၊ စီးပွားရေး အကျပ်အတည်း၊ ကျန်းမာရေးဆိုင်ရာကူးစက်ရောဂါကပ်ဆိုး စတဲ့ စိန်ခေါ်မှုများစွာရှိတာမို့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဖျက်သိမ်းရေးလုပ်ငန်းကို နှစ်ဆတိုးဆောင်ရွက်သွားဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။