The Chinland Post အယ်ဒီတာချုပ်ကို မဖမ်းမိလို့ ယောက်ဖဖြစ်သူကို ဖမ်းဆီးသွား

2021.04.30
The Chinland Post အယ်ဒီတာချုပ်ကို မဖမ်းမိလို့ ယောက်ဖဖြစ်သူကို ဖမ်းဆီးသွား ချင်းပြည်နယ် ဟားခါးမြို့ ချင်းပြည်နယ်အစိုးရ သတင်းစာရှင်းလင်းပွဲမှာ ချင်းပြည်နယ် သတင်းထောက်တွေ မြင်နေရစဉ်
Photo: RFA

ချင်းပြည်နယ် ဟားခါးမြို့ အခြေစိုက်သတင်းဌာန တစ်ခုဖြစ်တဲ့ The Chinland Post ရဲ့ အယ်ဒီတာချုပ် ဆလိုင်းဘွဲအုပ်ထန်ကို စစ်တပ်က ဖမ်းဆီးဖို့ ဧပြီ ၂၉ ရက်နေ့ ညပိုင်းမှာ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပေမယ့် မဖမ်းမိခဲ့တာကြောင့် သူရဲ့ ယောက်ဖဖြစ်သူကို ဖမ်းဆီးသွားတယ်လို့ ဆလိုင်း ဘွဲအုပ်ထန် က ဆိုပါတယ်။

“ကျွန်တော့်ကို မဖမ်းနိုင်လို့ ကျွန်တော်ကိုယ်စား ကျွန်တော်ရဲ့ယောက်ဖကို ဖမ်းတာ။ ဖမ်းတော့သူ့မှာလည်း ဘာမှသိတာ မဟုတ်ဘူးပေါ့နော။ ဗမာလိုလည်းသူက ပြောတတ်တဲ့လူ မဟုတ်တော့ မနက်ဖြန်ည ပြန် လွှတ်ပေးမယ်ဆိုပြီးတော့ သူတို့ ကတိပေးထားတယ်။ ကျွန်တော် စုံစမ်းသလောက်ကတော မနေ့ညဖမ်း ဆီးတာနဲ့ ရဲစခန်း အချုပ်ထဲမှာထားတာ အခုနလေးပဲ ရဲကနေ စစ်ဆေးချက်တွေပေါ့။ ကျွန်တော် အကြောင်းနဲ့ ပတ်သက်ပြီးတော့ သူသိသလောက်မေးနေတယ်။ အဲလိုတော့ ပြောပြတယ်။ သူတို့ပြော ပြတဲ့အတိုင်းဆို ဒီညနေ လွှတ်မယ်လို့တော့ပြောတယ်” လို့ The Chinland Post Chief Editor ဆလိုင်း ဘွဲအုပ်ထန် က RFA ကို ပြောပါတယ်။

The Chinland Post သတင်းဌာနဟာ Facebook Page ကနေ ချင်းပြည်နယ်အတွင်းက သတင်းတွေကို ဟားခါးဘာသာနဲ့ သတင်းတင်ဆက်ပေးနေတဲ့ သတင်းဌာနဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ The Chinland Post သတင်းဌာနက တာဝန်ရှိသူတွေနဲ့ သတင်း သမားတွေဟာ လုံခြုံတဲ့နေရာတွေကို ရှောင်တိမ်းပြီး အဲကနေတဆင့် သတင်းတွေ ရေးသားတင်ဆက် နေတာပါ။

ဟားခါးအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ ဟားခါးပို့စ်သတင်းဌာနရုံးကိုလည်း ဧပြီ ၃ ရက်နေ့မှာ စစ်တပ်က ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး စာရွက်စာတမ်းနဲ့ ကွန်ပျူတာတွေကို ယူဆောင်သွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။