လျှပ်စစ်မီးအလုံအလောက်မရရှိတဲ့ မြန်မာနိုင်ငံမှာ လောင်စာဆီသုံးစွဲမှုလျှော့ချနိုင်ဖို့ လျှပ်စစ်ဓာတ်အားအသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၁၈ ရက်နေ့က မွန်ပြည်နယ်မှာ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး ပြောလိုက်ပါတယ်။
"မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေအတွက် လောင်စာဆီတွေကို ပြည်ပကနေ တင်သွင်းနေရတာကြောင့် နိုင်ငံခြားငွေ ကုန်ကျမှုရှိနေတယ်။ လောင်စာဆီကို ချွေတာ နိုင်မယ့် လျှပ်စစ်ဓာတ်အားအသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို ရည်မှန်းချက်ထား အကောင်အထည်ဖော်နေပါတယ်" လို့ သူက ပြောပါတယ်။
နိုင်ငံအတွင်းမှာ လျှပ်စစ်ဓာတ်အားစီမံကိန်းတော်တော်များများဆောင်ရွက်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရပြီး ဒီလိုရပ်တန့်ခဲ့တဲ့အတွက် ပြည်တွင်းမှာ ဓာတ်အားလိုအပ်ချက်များစွာ ရှိနေသလို နောက်ဆက်တွဲအနေနဲ့ လောင်စာဆီနဲ့ ဂက်စ်ဈေးတွေဈေးမြင့်ခဲ့ရတာလို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်က သယ်ယူပို့ဆောင်ရေးအတွက် လောင်စာဆီမသုံးဘဲ လျှပ်စစ် ဓာတ်အားအသုံးပြုဆောင်ရွက်မယ်လို့ ပြောနေပေမယ့် ပြည်တွင်းမှာတော့ အိမ်သုံး လျှပ်စစ်မီးပုံမှန်ရရှိဖို့တောင် အခက်အခဲတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရန်ကုန်လိုမြို့ကြီးမှာတောင် မြို့နယ်အများစုမှာ တစ်နေ့ကို လျှပ်စစ်မီးဟာ ပျှမ်းမျှ သုံးနာရီကျော် ပြတ်လေ့ရှိတယ်လို့ မြို့ခံတွေက RFA ကိုပြောပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်က ဓာတ်ဆီဈေးဟာ တစ်လီတာ ကျပ် ၆၀၀ ဝန်းကျင် သာရှိခဲ့ရာကနေ လက်ရှိမှာ ကျပ်နှစ်ထောင်ကျော်အထိ မြင့်တက်နေတာဖြစ်ပါတယ်။