မုံရွာမြို့ပေါ်က သိန်းတရာရွှေဆိုင် ဓားပြတိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က သိန်းတရာရွှေဆိုင် စက်တင်ဘာ ၁၁ ရက် ဒီကနေ့ မနက်ပိုင်းမှာ ဓားပြတိုက်ခံခဲ့ရပြီး ကျပ်သိန်းပေါင်း သုံးသောင်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေ ဆုံးရှုံးခဲ့တယ်လို့ ရွှေဆိုင်တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ တရုတ်တန်းလမ်းထောင့်မှာရှိတဲ့ သိန်းတရာ ရွှေဆိုင်ကို ဒီမနက် ၁၁ နာရီခွဲဝန်းကျင်မှာ သေနတ်ကိုင်ထားတဲ့ အမည်မသိ လူငါးဦးက ဓားပြတိုက်သွားတာလို့ သူက ပြောပါတယ်။

"လူငါးယောက်ဗျ။ ငါးယောက်ပါ။ လက်နက်တွေ ငါးယောက်လုံး ပါတယ်။ ရွှေက အနည်းဆုံး အချိန် ၁၀ ပါသွားတယ်။ ၁၀ ပိဿာလောက်ပေါ့။ တန်ဖိုးက သိန်းသုံးသောင်းကျော်တယ်"

ရွှေထည်အမျိုးမျိုးကို ယူဆောင်ပြီးနောက် ဓားပြတိုက်သူ ငါးဦးဟာ Kluger ကား အမျိုးအစား အနက်ရောင်နဲ့ ပြန်လည်ထွက်ခွာသွားတယ်လို့ သူကပြောပါတယ်။

ဒီဓားပြတိုက်ခံရမှုမှာ ရွှေဆိုင်ဝန်ထမ်းတွေ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဓားပြတိုက်မှု ကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု နည်းလာပြီး ရန်ကုန်အပါအဝင် မြန်မာနိုင်ငံက မြို့ကြီးတွေမှာ ခိုးဆိုးလုယက်မှုနဲ့ ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။