မတ်လ ၁၄ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သက္ကယ်ကျင်းရွာခံ ရှစ်ဆယ်ကျော်ဟာ တစ်ပတ်ကြာတဲ့ မတ်လ ၂၀ ရက်ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံတွေကို မုံရွာမြို့က အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းထားပြီး (PDF) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးနေတာလို့ မုံရွာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဖမ်းဆီးခံရတဲ့ ၈၆ ယောက်ထဲက တစ်ယောက်မှ ပြန်မလွတ်သေးဘူး။ ကျွန်တော်တို့ကြားတာက အမှတ် (၁) ရဲစခန်းမှာ ဖမ်းထားတယ်။ အခုလောလောဆယ်တော့ အဖွဲ့အစည်းတွေအကြောင်း စစ်ဆေးနေတယ်လို့ သတင်းရတယ်”
မတ်လ ၁၄ ရက်နေ့က သက္ကယ်ကျင်းရွာကို အင်အားခြောက်ဆယ်လောက်ပါတဲ့ စစ်ကြောင်းဝင်ရောက်လာပြီး နေအိမ်လေးရာဝန်ကျင်ကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံ ရှစ်ဆယ်ကျော်ကိုပါ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
နေအိမ်မီးလောင်တဲ့အထဲ ဒေသခံ သုံးဦးပါ မီးလောင်သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
လူဦးရေ သုံးထောင်ဝန်းကျင်ရှိတဲ့ သက္ကယ်ကျင်းရွာက ဒေသခံအများစုကတော့ လက်ရှိဘေးလွတ်ရာမှာပဲ ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်ပြီး အနည်းငယ်သာ ရွာကိုပြန်လာနိုင်ကြသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မတ်လ ၁၆ ရက်နေ့ကလည်း မုံရွာမြို့၊ ညောင်ပင်စောက်ရပ်ကွက်နဲ့ ညောင်ပင်ရွာသစ်က ဒေသခံ သုံးဆယ်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဒီနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ပြည်သူနှစ်သောင်းကျော် (၂၀,၁၁၂ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။