သင်္ဃန်းညီနောင်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်က ခြေမြန်တပ်ရင်း ခမရ (၃၅၅) နဲ့ ရဲစခန်းကို မတ်လ ၉ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(KNLA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၅၅)ကို စီးနင်းသိမ်းပိုက်ပြီးနောက် လက်နက်တွေသိမ်းယူကာ ပြန်ဆုတ်သွားခဲ့ပြီး သင်္ဃန်းညီနောင်ရဲစခန်းကိုတော့ မီးရှို့ထားခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၉ ရက်ကစလို့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်လုပ်နေပြီး မတ်လ ၁၁ ရက် ဒီနေ့မနက်အစော တစ်နာရီဝန်းကျင်ကနေ လေးနာရီခန့်အထိ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီတိုက်ပွဲတွေအကြောင်းသိသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက်က တစ်နာရီမထိုးခင်ကနေ လေးနာရီအထိကို ပစ်နေတာ။ လေယာဉ်နဲ့ ဗုံးကြဲတယ်။ ခါတိုင်း ကြဲတဲ့ဟာတွေနဲ့ မတူဘူး ဗုံးဆန်တွေကတော့။ အရင်ဟာနဲ့ ကွဲပြားတယ်။ နောက်ပြီး အမြောက်တွေနဲ့လည်း ပစ်တယ်။ ထိခိုက်သေဆုံးမှုကတော့ ရှိမှာပဲ။ ဒီလောက်ပစ်နေတာ။ ဘာတွေ ပျက်စီးသွားလဲဆိုတာ အတိအကျ မသိနိုင်သေးဘူး။ ဖြစ်နေတာတော့ လေးရက်ရှိပြီ။ ပထမ ၃၅၅ ကိုဝင်စီးတော့ သူတို့ (စစ်ကောင်စီတပ်) က ဆုတ်ပြီးတော့ ဗျူဟာမှာပေါင်းသွားတယ်လေ။ သူတို့ကတော့ ဝင်သိမ်း ဝင်စီးပြီး ပြန်ဆုတ်သွားတာပေါ့။ ဆုတ်တော့ တပ်ကပြန်ရသွားတယ်။ ရဲစခန်းကတော့ မီးရှို့လိုက်တယ်လို့ ကြားတယ်”

လက်ခတ်တောင်ဘက်မှာလည်း မနေ့ညနေပိုင်းစပြီး တိုက်ပွဲတွေပြင်းထန်နေသလို လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်။

လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကို မြဝတီမြို့ပေါ်ကနေ ကြားရတဲ့အထိ ပေါက်ကွဲအားပြင်းထန်တယ်လို့ မြဝတီမြို့ပေါ်မှာ သွားရောက်တိမ်းရှောင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ သင်္ဃန်းညီနောင် ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။

“တိုက်လေယာဉ်တွေနဲ့ ပစ်နေတာ။ မနေ့ညကဆိုရင် ပိုဆိုးတယ်။ မနေ့ကဆိုရင် သင်္ဃန်းညီနောင်ကိုပစ်တာ။ ညဘက်ကျမှ လက်ခတ်တောင်ကိုပစ်တာ။ ဗုံးကြဲချတာက တစ်လုံး၊ နှစ်လုံးတောင် မကဘူး။ ဆယ်လုံး၊ ၁၅ လုံးလည်း မကဘူး တအုန်းအုန်းနဲ့ကိုပစ်နေတာ။ ကြဲတဲ့ဗုံးတွေ ဘယ်လောက်ပြင်းလဲဆိုရင် သင်္ဃန်းညီနောင်ကနေ ဆိုင်ကယ်နဲ့ မိနစ်သုံးဆယ်လောက်သွားရတဲ့ ကျွန်မနေတဲ့နေရာက ပြတင်းပေါက်တွေတောင် တုန်ခါနေတာ။ တော်တော်ပြင်းတယ်”

(KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ သင်္ဃန်းညီနောင်က စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၃၅၅)၊ (၃၅၆)၊ (၃၅၇) နဲ့ သင်္ဃန်းညီနောင်ရဲစခန်းကို မတ်လ ၇ ရက်နေ့ကစပြီး ဝင်ရောက်တိုက်ခိုက်နေတာပါ။

စစ်ကောင်စီဘက်ကလည်း မတ်လ ၈ ရက်နေ့မနက်ပိုင်းမှာ လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ရွာသစ်ကုန်းရွာက သဘာဝရိပ်သာတရားရိပ်သာဆေးရုံကို ထိမှန်ခဲ့ပြီး အဘိုးနှစ်ဦး သေဆုံးခဲ့သလို ခုနစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။

အလားတူ မတ်လ ၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ဟာ ရွာသစ်ကုန်း ရွာက DKBA တပ်ဖွဲ့ပိုင် (၉၀၁) တပ်ခြံဝင်းအနီး နေအိမ်ပေါ်ကျခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နေအိမ်နှစ်လုံး ပျက်စီးသွားတဲ့အပြင် အရပ်သားတွေပါ ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ သင်္ဃန်းညီနောင်ဒေသခံအများစုဟာ မြဝတီမြို့ပေါ် ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြတယ်လို့ မြဝတီဒေသခံတွေက ပြောပါတယ်။

စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ KNU တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေကို RFA က ကြိုးစားဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

စစ်ကောင်စီဘက်ကလည်း ဒီတိုက်ပွဲအခြေအနေအပေါ် သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က သင်္ဃန်းညီနောင်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေထံ လာရောက်တဲ့ စစ်ရဟတ်ယာဉ်တစ်စင်းကို KNLA ပူးပေါင်းတပ်တွေက ပစ်ချခဲ့တာကြောင့် ရဟတ်ယာဉ်ပျက်ကျခဲ့ပြီး စစ်ကောင်စီတပ်အရာရှိတွေပါ သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။