မြိုင်မြို့နယ်က ကျောက်ဆောက်ရွာမီးရှို့ခံရပြီး ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ

မကွေးတိုင်း၊ မြိုင်မြို့နယ် ကျောက်ဆောက် (တောင်) ရွာကို ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့ နေ့လယ် တစ်နာရီဝန်းကျင်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေလို့ အရပ်သား တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူဘက်ကလာတဲ့ အင်အားတစ်ရာနီးပါးရှိတဲ့ စစ်ကြောင်းဟာ ရွာကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့နေတာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"မြိုင်ရဲ့အရှေ့ဘက် ကျောက်ဆောက်တောင်ရွာမှာ တစ်ကြောင်းက မီးရှို့နေတယ်။ အခု မီးရှို့နေတာ စရှို့နေတာ။ မီးခိုးတွေကို လုံးနေတာဘဲ။ တစ်ရွာလုံး ကျွတ်လောက်တယ်။ အရှေ့ စစ်ကြောင်းကလည်း ရှင်မတောင် တောင်ခြေရောက်ပြီ။ စစ်ကြောင်းနှစ်ကြောင်း ခွဲနေတယ်”

ကျောက်ဆောက် (တောင်)၊ ကျောက်ဆောက် (မြောက်) ရွာတွေကို စစ်ကြောင်း တစ်ကြောင်းဝင်ပြီး အဲဒီအနီးပတ်ဝန်းကျင်က အိုးဘိုနဲ့ ပိုက်တင်ရွာတွေကိုပါ နောက်ထပ်စစ်ကြောင်းတစ်ကြောင်း ထပ်ဝင်နေတယ်လို့ သူက ဆိုပါတယ်။

ဒီနေ့ ညနေ ၄ နာရီ လောက်မှာတော့ မြိုင်မြို့နယ်ထဲက ရွာသစ်ကုန်း၊ မကြီးကန်၊ ညောင်ကုန်း၊ နှမ်းစားကျင်း စတဲ့ရွာတွေဘက်ကို စစ်ရဟတ်ယာဉ်နဲ့ လေကြောင်း ကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

စစ်အာဏာသိမ်း ၂၂ လအတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မကွေးတိုင်းက နေအိမ် ၇,၈၁၈ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။