မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျသိုက်ရွာသား နှစ်ဦးနဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှာ သရဖီရွာက အမျိုးသမီးတစ်ဦးတို့ကို သတ်ဖြတ်ခဲ့ပြီး ရွာလေးရွာကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်ပျူစောထီးအဖွဲ့ဝင် အင်အား တစ်ရာခန့်ဟာ ဒီဇင်ဘာလ ၇ ရက်နေ့ ကျသိုက်ရွာကို ဝင်ရောက်မီးရှို့ပြီး ဒေသခံရွာသား နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ညနေပိုင်းမှာတော့ လယ်လန်းကျေးရွာကို ညလုံးပေါက်မီးရှို့ပြီး ဒီဇင်ဘာလ ၈ ရက် နောက်နေ့မှာ သရဖီရွာကို မီးရှို့ခဲ့သလို အမျိုးသမီးတစ်ဦးကိုလည်း ထပ်မံသတ်ဖြတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သရဖီကျေးရွာက ပြည်သူတစ်ဦးကိုတော့ မတရားသဖြင့် နှိပ်စက်ပြီး သတ်ဖြတ် သွားတာ ဒီအတိုင်း စစ်ဘေးရှောင်ရင်း၊ ပုန်းနေရင်း ပစ်သတ်သွားတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ ကျသိုက် ကျေးရွာကျတော့ ဒေသခံ နှစ်ဦးကို ပစ်သတ်သွားတာဗျ"
သတ်ဖြတ်ခံရသူတွေက PDF တွေ မဟုတ်ဘဲ စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာတော့ လက်နက်တွေနဲ့ ဖမ်းမိလို့ သတ်ဖြတ်ကြောင်း ဝါဒဖြန့်နေတယ်လို့ သူက ဆိုပါတယ်။
သတ်ဖြတ်ခံရသူတွေက ကျသိုက်ရွာသားတွေဖြစ်တဲ့ အသက် ၅၀ ဝန်းကျင် ဦးမျိုးသူ၊ အသက် ၃၂ ဝန်းကျင် ကိုအောင်စိုးနဲ့ သရဖီရွာက အသက် ၅၀ ဝန်းကျင် ဒေါ်တင်နုတို့ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၉ ရက် ဒီနေ့မနက်မှာတော့ ခင်တန်းရှည်ရွာ မီးရှို့ခံနေရတာကို အဝေးက မြင်တွေ့နေရပြီး ကျသိုက်ရွာ၊ လယ်လန်းရွာ၊ သရဖီရွာတွေကတော့ ရွာလုံးကျွတ် မီးရှို့ခံရလို့ ရွာလေးရွာက နေအိမ်စုစုပေါင်း လေးရာဝန်းကျင်အထိ မီးလောင်ပျက်ဆီးမှု ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရ တိုင်းလှုမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်ကို RFA က တယ်လီဖုန်နဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။
လက်ရှိအချိန်အထိ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ အခုမီးရှို့ခံနေရတဲ့ ရွာအနီး ပတ်ဝန်းကျင်က ရွာစဉ်တစ်လျှောက် စစ်ကြောင်းထိုး ဝင်ရောက်ပစ်ခတ်နေတာကြောင့် ရွာပေါင်း ၁၅ ရွာအထိ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။