ကျောက်ဖြူ ဒေသခံသုံးဦးကို AA နဲ့ဆက်စပ်စွပ်စွဲပြီး စစ်ကောင်စီ ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်၊ ဆားပြင်ကွင်းရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံသုံးဦးကို ရက္ခိုင့်တပ်တော်(AA)နဲ့ ပတ်သက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စက်တင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံထား ရသူတွေဟာ ကိုကစိ၊ ကိုမောင်ဝင်းနိုင်နဲ့ ကိုဘသန်းတို့ဖြစ်ပြီး ရပ်ကွက်အုပ် ချုပ်ရေးမှူး အဖွဲ့ဝင်တွေမပါဘဲ စစ်သားတွေက ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အေအေ နဲ့ပတ်သက်တယ်လို့ စွပ်စွဲဖမ်းဆီးတာပဲပေါ့။ အကုန်လုံးက အသက် ၃၀ ကျော် ပဲ ရှိကြသေးတာ။ ဖမ်းဆီးခံရတဲ့ သူတွေက အေးအေးဆေးဆေး သမားတွေပါ။ သူတို့ ပြောသလို ပတ်သက်တာ မရှိဘူး။ လာဖမ်းတုန်းကလည်း နယ်ထိန်းတစ်ယောက်ပဲ ရဲပါတယ်။ ကျန်တာ စစ်သားတွေချည်းပဲ"

ဖမ်းဆီးခံထားရတဲ့ အဲဒီဒေသခံတွေကို ကျောက်ဖြူမြို့နယ် ခလရ- ၃၄ တပ်မှာ စစ်ဆေး မေးမြန်းနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့ကလည်း မြေပုံမြို့နယ်ကလာတဲ့ စက်လှေတွေကို ကမ်းကပ် ခွင့်မပြုဘဲ ကျောက်ဖြူမြို့နယ်အတွင်း ပြေးဆွဲနေတဲ့ စက်လှေဆိပ်ကမ်းတွေကို ပိတ်ထား တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ကြည်းတပ် (ခလရ) ၃၄၊ (ခမရ) ၅၄၂-၅၄၃ နဲ့ ဓညဝတီ ရေတပ် စခန်း ဌာနချုပ်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာ ကျောက်ဖြူမြို့နယ်အတွင်း ကမ်းခြေတွေ မှာ ကင်းပုန်းဝပ်တာ၊ ရဲကား၊ စစ်ကားတွေနဲ့ မြို့တွင်းလှည့်လည် စစ်ဆေးတာတွေနဲ့ လုံခြုံ ရေး တင်းကျပ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။