သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်နဲ့ ကိုနန္ဒာစစ်အောင်တို့က အင်းစိန်အကျဉ်းထောင် ကို ပြောင်းရွှေ့ပေးဖို့ ဒီနေ့ သာယာဝတီမြို့နယ်တရားရုံးထံ တင်သွင်းလျှောက်ထားလိုက်ပါတယ်။
သူတို့ ၃ဦးဟာ ရန်ကုန်မြို့က တရားရုံးတွေမှာလည်း အမှုရင်ဆိုင်နေရတဲ့အတွက် နေ့စဉ်ဆိုသလို သာယာဝတီ ကနေ ရန်ကုန်က တရားရုံးတွေကို လာရောက်နေရတာကြောင့် အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့ပေးဖို့ တင်ပြလိုက်တာဖြစ်တယ်လို့ ဗကသကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်က ပြောပါတယ်။
"ရန်ကုန်မှာ အမှုရင်ဆိုင်နေရတဲ့ ကျနော်ရယ်၊ မဖြိုးဖြိုးအောင်နဲ့ ကိုနန္ဒာစစ်အောင် ကို ရန်ကုန် အင်းစိန်ထောင် ကို ပြောင်းရွှေ့ပေးဖို့ ဒီနေ့ပဲ တောင်းဆိုတာပါ"
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို ပဲခူးတိုင်း သာယာဝတီမြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ပြီး လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ကိုမင်းသွေးသစ်ဟာ ရန်ကုန်မြို့သန်လျင်၊ ကမာရွတ်၊ လမ်းမတော်မြို့နယ်တရားရုံးတွေမှာ ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင်နေရပြီး မဖြိုးဖြိုးအောင်နဲ့ ကိုနန္ဒာစစ်အောင်တို့ဟာလည်း မရမ်းကုန်း၊ ကမာရွတ်၊ ပန်းပဲတန်း၊ လှိုင်၊ မင်္ဂလာတောင်ညွန့်၊ ကျောက်တံတား စတဲ့မြို့နယ်တရားရုံး ၉ခုလောက်မှာ အမှုရင်ဆိုင်နေရပါတယ်။
လာမယ့် မတ်လ ၁၀ ရက်နေ့မှာ ကျရောက်မယ့် လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု ၁ နှစ်ပြည့်ပွဲကို လက်ပံတန်းမြို့နယ် အောင်မြေဗိမာန်ဘုန်းကြီးကျောင်းမှာ မနက် ၁၀ နာရီ ၁၀မိနစ်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။