ရွှေကျင်တိုက်ပွဲမှာ လက်နက်ကြီးထိလို့ အရပ်သား တစ်ဦးသေဆုံး ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရ

ပဲခူးတိုင်း ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တို့ ဒီဇင်ဘာ ၁၅ ရက် မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် အရပ်သားတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့သလို လူသုံးထောင်လောက်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ရွှေကျင်မြို့နယ် လိမ်ပင်ဝဲရွာအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပြီး ရွာထဲကို လက်နက်ကြီးကျည်ကျတာ ကြောင့် အသက် ၅၀ ကျော်အရွယ် ဦးကျော်ဦးစိုး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦး တို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လိမ်ပင်ဝဲ ရွာသားတစ်ဦးက ပြောပါတယ်။

“ဦးကျော်စိုးကတော့ ဦးခေါင်းထိသွားတာ။ ကလေးတစ်ယောက်ကလည်း တော်တော် ထိသွားလို့ ရန်ကုန်မှာ ဆေးကုနေရတယ်။ အမျိုးသမီးကြီးကတော့ ညောင်လေးပင် ဆေးရုံ ပို့ထားရတယ်။ တပ်တွေက ၁၄ ရက်နေ့ ညတည်းက ဝိုင်းထားတာ။ မနက် ၅ နာရီကျော်မှာ စဖြစ်တာပဲ။ လက်နက်ကြီးတင် အလုံး ၃၀ လောက်ပစ်တယ်။ စစ်တပ်ကလည်း ပစ်။ ဟိုဘက်ကလည်း ပစ်ဆိုတော့ ရွာသားတွေပဲ ဒုက္ခရောက်တာ ပေါ့”

အဲဒီတိုက်ပွဲကြောင့် လိမ်ပင်ဝဲရွာက ဒေသခံ သုံးထောင်ကျော်ဟာ တောတွင်းနေရာတွေနဲ့ ရွှေကျင်မြို့ပေါ်ကို ထွက်ပြေးတိမ်ရှောင်နေရပြီး အကူအညီတွေ လိုအပ်နေကြတယ်လို့ လည်း သူက ဆိုပါတယ်။

နှစ်ဘက်တိုက်ပွဲ အခြေနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း မထုတ်ပြန်သလို KNU ဘက်ကလည်း ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ ရွှေကျင်မြို့ နယ်ထဲမှာ မနေ့က အဲဒီဖြစ်စဉ်တွေ မဖြစ်ခဲ့ဘူးလို့ RFA ကို ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ စာရင်းတွေအရ ပဲခူးတိုင်းအရှေ့ခြမ်းမှာ စစ်ဘေးဒုက္ခသည် ၅၄,၃၀၀ ကျော် ရှိနေပါတယ်။