စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ နတ်အင်းရွာမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့က လေကြောင်းနဲ့ တိုက်ခိုက်ခံရတာကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ နတ်အင်းရွာခံတွေက RFA ကို ပြောပါတယ်။
နတ်အင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီလေတပ်က ပေါင်တစ်ရာဗုံး ရှစ်လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
ဒါကြောင့် အဲဒီစာသင်ကျောင်းအနီးမှာ နေထိုင်တဲ့ အသက် (၃၃) နှစ်အရွယ် မမြင့်မြင့်ချို သေဆုံးခဲ့ပြီး အတူနေမိသားစုဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နတ်အင်းရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့အိမ်က စာသင်ကျောင်းနားမှာ။ အဲဒီနေ့က ဂျက်ဖိုက်တာကလာပြီးတော့ စာသင်ကျောင်းကို ဗုံးကြဲချသွားတာ။ အဲဒါ ဂျက်ဖိုက်တာ ဆင်းလာတာကိုသိတော့ စာသင်ကျောင်းနားက ဘုရားကုန်းမှာသွား ပုန်းနေတာ။ မရပါဘူး။ စာသင်ကျောင်းကို ကြဲချတဲ့ဗုံးစက ဘုရားဘက်ရောက်သွားပြီးတော့ သူ့ခေါင်းကို သွားမှန်တာ”
သေဆုံးသွားသူ မမြင့်မြင့်ချိုမှာ လေးလသားအရွယ် ကလေး ယောကျာ်းလေး တစ်ဦး ကျန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ ဆေးကုသမှုခံနေရတယ်လို့ ဆိုပါတယ်။
ဒေသခံတွေ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
နိုဝင်ဘာလ ၈ ရက်ကစပြီး ထီးချိုင့်မြို့နဲ့ အနီးဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်နေတာ တစ်လကျော်ကြာခဲ့ပါပြီ။
တိုက်ပွဲဖြစ်ချိန်အတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် (၁၅၀) နီးပါးအထိလုပ်ခဲ့ပြီး Mi - 35၊ Mi - 17၊ Mi - 12၊ YAK - 130၊ K8W စတဲ့လေယာဉ် အမျိုးအစားတွေ အသုံးပြုခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Tigyaing Revolution က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံ ငါးသောင်းကျော်လည်း နေရပ် မပြန်နိုင်သေးဘဲ ရက်ရှည်နေရပ်စွန့်ခွာနေရပြီး စားနပ်ရိက္ခာနဲ့ နေထိုင်စရာတွေ အခက်ကြုံနေရပြီလို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
နိုဝင်ဘာလ ၈ ရက်ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ထီးချိုင့်မြို့နယ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား နှစ်ဆယ်ထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ထီးချိုင့်မြို့နယ်ထဲက နှစ်ဖက်တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဒီရက်ပိုင်း သတင်းထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း လက်ခံဖြေဆိုခြင်း မရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ (၁၁) လအတွင်း အရပ်သား ၇၃၀ ဦး သေဆုံးခဲ့ပြီး (၁၂၉၂) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။