ထီးချိုင့်မြို့နယ်မှာ ရွာမီးရှို့ခံရလို့ ဒေသခံ တစ်ထောင်ကျော် ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အောင်သာကုန်းရွာကို ဒီဇင်ဘာလ၇ ရက် ဒီမနက် အစောပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အောင်သာကုန်းရွာ အပါအဝင် အနီးနား ရွာသုံးရွာက အရပ်သားတစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အောင်သာကုန်း၊ မဲဇာလေး နဲ့ ကံပေါက်ရွာ က အရပ်သားတွေ ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက် ၈ နာရီလောက်က အောင်သာကုန်းရွာထဲဝင်လာတာ။ ရွာခံတွေကတော့ ထွက်ပြေးကြရတာပေါ့။ မီးရှို့တာ အဝေးကပဲ လှမ်းကြည့်နေရတာ။ ဘယ်လောက် မီးလောင်သွားလဲတော့ မသိသေးဘူး။ အခုနေ့လယ်ပိုင်းကျတော့ မဲဇာလေးနဲ့ ကံပေါက် ကို ဝင်နေကြတယ်။ ကံပေါက်ရွာကိုတော့ မီးမရှို့သေးဘူး။ အခုနေရာတွေက တိုက်ပွဲတွေ ဖြစ်တာလည်းမရှိဘဲ စစ်ကြောင်းက ဝင်နေတာ”

ဒီဇင်ဘာလ ၆ ရက် မနေ့ကလည်း လေသာကုန်းနဲ့ အင်းတိန်ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၄၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာလကတည်းက ထီးချိုင့်မြို့နယ်မှာ နယ်မြေရှင်းလင်းရေး လုပ်နေတာပါ။ ဒါ့ကြောင့် ကျေးရွာ ၂၀ နီးပါးက ဒေသခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၃ ရက်အထိ ရွာခုနစ်ရွာကနေအိမ် ၄၃၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒီဇင်ဘာလ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဒီဇင်ဘာလ ၃ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေ ကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးသူ ၆၁၆,၅၀၀ ဦး ရှိပါတယ်။