TNLA စခန်းကို စစ်ကောင်စီ ပေါင် ၅ဝဝ ဗုံးနှစ်လုံးကြဲတိုက်ခိုက်
2023.09.26
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်မှာရှိတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ရဲ့ လွယ်မြောက်တပ်စခန်းကို စက်တင်ဘာ ၂၅ ရက် ည ၁၀ နာရီခွဲမှာ စစ်ကောင်စီက ပေါင် ၅၀၀ ရှိတဲ့ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက စက်တင်ဘာ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မန္တလေး တံတားဦး လေဆိပ်ကနေပျံသန်းလာတဲ့ ဂျက်တိုက်လေယာဉ် တစ်စင်းက TNLA တပ်မဟာ ၁ လွယ်မောက်တပ်စခန်းကို တိုက်ခိုက်တဲ့အတွက် အဆောက်အအုံတချို့ ပျက်စီးခဲ့ပေမဲ့ တစ်စုံတစ်ရာ အထိအခိုက် အသေအဆုံး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါတင်မက စစ်ကောင်စီဟာ မန်ကန်နဲ့ နမ့်ငူးရွာနားမှာ အဲဒီ စက်တင်ဘာ ၂၅ ရက်နေ့မှာပဲ ဂျက်တိုက်လေယာဉ် နှစ်စင်းနဲ့ ည ၁၀ နာရီကျော်မှာ ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
ဒီလိုတိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်း တစ်စုံတစ်ရာ မထုတ်ပြန်သေးသလို ရှမ်းပြည်နယ် စစ်ကောင်စီ ပြောခွင့်ရှိသူ ဦးခွန်သိမ်းမောင်ကို RFA က ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဇူလိုင် ၂၃ ရက်နေ့ကနေ ခုရက်ပိုင်းတွေအထိ မူဆယ်မြို့နယ် စယ်လန့်၊ နမ့်ကတ်၊ နာထန်၊ ဂေါင်ရာ၊ နမ့်တောင်၊ လွယ်ကျယ်လော့၊ ဟိုပေါ်၊ ဆိုင်ခေါင်နဲ့ ကောင်ရာရွာတွေမှာ TNLA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး ကွတ်ခိုင်၊ မိုးကုတ်စတဲ့ နေရာတွေမှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။