ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား ၆ ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေပြီး အင်အားပြင်းဗုံးအသုံးပြုတိုက်ခိုက်ခံနေရတယ်လို့ TNLA ဘက်ကပြောပါတယ်။
အဲဒီဒေသမှာ စစ်ကောင်စီဘက် အင်အားတိုးလာချထားပြီးနောက် ဒီဇင်ဘာလ ၇ ရက်နေ့ကစလို့ တိုက်ပွဲတွေဖြစ်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ကုန်းကြောင်းသာမက စစ်ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ပါ နေ့စဉ် ဗုံးကြဲနေတယ်လို့ TNLA ပြန်ကြားရေးဌာနမှူး ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်က RFA ကို ပြောပါတယ်။
မနေ့က ညပိုင်းမှာ စစ်ကောင်စီဘက်က ပေါင်ချိန် ၅ဝဝ ရှိတဲ့ အင်အားပြင်းဗုံးတွေကို ဂျက်တိုက်လေယာဉ်သုံးပြီး လေကြောင်းကနေ ငါးကြိမ်တိတိ ကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၁၂ ရက် ဒီနေ့တစ်နေ့လုံးလည်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲချနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီဘက်ကအခြေအနေတွေနဲ့ ပတ်သက်လို့ ဘာမှထုတ်ပြန်တာမရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။
စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ အပစ်အခတ်ရပ်စဲပြီးနောက် TNLA ဌာနချုပ်နဲ့ အနီးတစ်ဝိုက်ကို ထိုးစစ်ဆင်နေတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ ဒေသခံအရေအတွက် တစ်ရက်ထက်တစ်ရက်တိုးလာနေပြီး အခုဆိုရင် ၁၂ဝဝ ကျော်လောက်ရှိပြီလို့ ဒေသတွင်းသတင်းတွေက ပြောပါတယ်။ သူတို့တွေဟာ ဘုန်းကြီးကျောင်းတွေ ဘေးလွတ်ရာနေရာတွေမှာ ခိုလှုံနေရပြီး အကူအညီလိုနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
TNLA ဟာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို လက်မခံဘဲ ပယ်ချထားတဲ့အဖွဲ့ဖြစ်ပါတယ်။