တအာင်းဒေသကို စစ်ကောင်စီက အင်အားအလွန်အကျွံသုံး ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်လို့ TNLA ပြော

ဒီဇင်ဘာလအတွင်း နမ့်ဆန့်မြို့နယ်အတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဟာ တအာင်းဒေသကို စစ်ကိုင်း၊ မကွေး၊ ကရင်နဲ့ ကရင်နီပြည်နယ်တွေနီးတူ လေကြောင်းစစ်ဆင်ရေး အင်အားအလွန်အကျွံသုံးပြီး ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့မှာ နမ့်ဆန်မြို့နယ်၊ ကုန်းသာ၊ ဟူးမန်းနဲ့ မန်လုံးကျေးရွာ အနီးက TNLA တပ်စခန်းတွေကို စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီး နဲ့ ဝင်ရောက်စီးနင်းခဲ့သလို ဒီဇင်ဘာ ၇ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တိုက်ပွဲကာလအတွင်း Mi -17၊ Mi-35 ရဟတ်ယာဉ်တွေနဲ့ ၂၈ ကြိမ်၊ တိုက်ခိုက်ရေး ဂျက်လေယာဉ်နဲ့ ၃၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်နက်ကြီးတွေအနေနဲ့ ၁၂၀ မမ၊ ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကြီးတွေ အသုံးပြု တိုက်ခိုက်ခဲ့ တယ်လို့ ဆိုပါတယ်။

319827488_704507317648192_1441848470071515210_n.jpg
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်၊ နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာက ပျက်စီးသွားတဲ့ အဆောက်အအုံကို အပေါ်စီးကမြင်တွေ့ရစဉ်။ Photo: TNLA News & Information Department


TNLA ရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရပါဘူး။

ဒီဇင်ဘာလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကုန်းသာ၊ ဟူးမန်း၊ မန်လုံးနဲ့ ကျေးရွာ တွေနဲ့ ကပ်နေတဲ့ တောင်ကြောတွေကို TNLA က ပြန်လည် ရှင်းလင်းခဲ့ပြီး လေကြောင်းစစ်ဆင်ရေးနဲ့ ဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုလည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ၇ ရက်ကြာလေကြောင်း စစ်ဆင်ရေးကြောင့် ဒီကျေးရွာတွေကနေ နေရပ်စွန့်ခွာခဲ့ကြတဲ့ ထောင်နဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ လက်ရှိမှာနေရပ်ပြန်လာကြပြီလို့ ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း TNLA က အရာရှိတချို့နဲ့ တပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့တယ်လို့ ပြောပေမယ့် အရေအတွက်ကိုတော့ ထုတ်ပြန်တာမရှိပါဘူး။ စစ်ကောင်စီဘက်ကလည်း စစ်သား တချို့သေဆုံးဒဏ်ရာရခဲ့တယ်လို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နမ့်ဆန်မြို့နယ်အတွင်း TNLA နဲ့ စစ်ကောင်စီကြားတိုက်ပွဲဟာ ဒီဇင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီက ကုန်းသာ၊ဟူးမန်း၊ မန်လုံးကျေးရွာအနီးက TNLA တပ်ရင်း ၄၃၄ စခန်းကို ရဟတ်ယာဉ် ၅ စီးနဲ့ ဝင်ရောက်တိုက်ခိုက်တာကနေ စတင်ခဲ့တာလို့ TNLA က ပြောပါတယ်။

319672498_3507785919444213_4132122166762626042_n.jpg
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်၊ နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာက ပျက်စီးသွားတဲ့ အဆောက်အအုံကို အပေါ်စီးကမြင်တွေ့ရစဉ်။ Photo: TNLA News & Information Department


စစ်ကောင်စီရဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီးကို NUG၊ CRPH တို့ရဲ့ ညွန်ကြားချက်နဲ့ လက်နက်၊ ခဲယမ်းနဲ့ဖောက်ခွဲရေးပစ္စည်းတွေ သယ်ဆောင်လာသည့် PDFတွေရောက်ရှိနေတယ်လို့ သတင်းရတဲ့အတွက် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

နမ့်ဆန့်တိုက်ပွဲမှာ TNLA တပ်ဖွဲ့ဝင်တွေနဲ့ နားလည်မှုလွဲပြီး ပစ်ခတ်မှုတချို့ဖြစ်ခဲ့ပေမယ့် စစ်ကောင်စီအနေနဲ့ NUG၊ CRPH၊ PDF တို့ကိုသာ ရည်ရွယ်တိုက်ခိုက်တာလို့ အသိပေးခဲ့ပြီးဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် နမ့်ဆန်မြို့နယ်က အိမ်ခြေ ၆၀ ဝန်းကျင်ရှိတဲ့ ကုန်းသာရွာဟာ တစ်ရွာလုံးနီးပါး ပျက်စီးခဲ့ပါတယ်။ ကုန်းသာ၊ ဟူးမန်း၊ မန်လုံး ကျေးရွာတွေက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လုပ်ငန်းအဆောက်အအုံတွေ မီးလောင်ဆုံးရှုံးခဲ့သလို အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ TNLA က ပြောပါတယ်။

ဒါ့အပြင် ကုန်းသာကျေးရွာက ရွာသားနှစ်ဦးလက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။