မန်ပြိန်းရွာအနီး စစ်ကောင်စီနဲ့ TNLA တို့တိုက်ပွဲဖြစ်

2021.06.10
မန်ပြိန်းရွာအနီး စစ်ကောင်စီနဲ့ TNLA တို့တိုက်ပွဲဖြစ် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့ သိန္နီမြို့ကြား မန်ပြိန်းကျေးရွာ အကျော်ဗြုံးတောင်မှာ ဇွန်လ ၁၀ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီနဲ့ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) တို့အကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ တပ်သားတွေလိုက်ပါလာတဲ့ ဖိုးဝီးကားဟာ မန်ပြိန်းရွာ ဗြုံးတောင်အနီးရောက်ချိန်မှာ အချိန် တစ်နာရီဝန်းကျင်လောက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကွတ်ခိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါ တယ်။

သိန္နီအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးဆောင်ရွက်ဖို့ မန်ပြိန်းကိုရောက်ချိန်မှာ TNLA တပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တာလို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ TNLA ပြန်ကြားရေးတာဝန်ရှိသူတွေကို ဆက်သွယ်နေပေမယ့် လောလောဆယ် ဆက်သွယ်လို့ မရသေးပါဘူး။

ဒီမနက်က တိုက်ပွဲကြောင့် မူဆယ်-လားရှိုး ခရီးသွားကားတွေ အချိန်တစ်နာရီနီးပါး ရပ်တန့်စောင့်ဆိုင်း ခဲ့ရပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ TNLA၊ AA၊ MNDAA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားတာရှိခဲ့သလို ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တပ်တွေနဲ့ လည်း တိုက်ပွဲတွေဖြစ်ခဲ့တာရှိပါတယ်။

ဒီနေ့မနက်က တိုက်ပွဲဖြစ်တဲ့ သိန္နီနဲ့ ကွတ်ခိုင်ကြားက နမ့်ပါချီးကျေးရွားအနီးမှာ ပြီးခဲ့တဲ့ မေလအတွင်းက စစ်ကောင်စီရဲ့ စက်သုံးဆီတင် ဆောင်လာတဲ့ ကားတစ်စီးကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် မီးလောင်ပျက်စီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။