မူဆယ်နဲ့ သီပေါက တံတားစောင့် ကင်းစခန်းတွေ TNLA တိုက်ခိုက်သိမ်းယူ

နမ့်ပေါ် တံတား ကင်းစခန်းကို TNLA က သိမ်းပိုက်နိုင်ခဲ့သည်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
နမ့်ပေါ် တံတား ကင်းစခန်းကို TNLA က သိမ်းပိုက်နိုင်ခဲ့သည်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (TNLA)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါ-လားရှိုးလမ်းပေါ်က စဉ့်အင်တံတား ကင်စခန်းနဲ့ မူဆယ်-ကွတ်ခိုင်လမ်းပေါ်က နမ့်ပေါ်တံတား ကင်းစခန်းတွေကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့မှာ တိုက်ခိုက် သိမ်းယူခဲ့တယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။

နမ့်ပေါ်တံတား ကင်းစခန်းကနေ စစ်ကောင်စီ တပ်သားနှစ်ဦးနဲ့အတူ ၆၀ မမ လက်နက်ကြီး အပါအဝင် လက်နက်မျိုးစုံ ၃၂ လက်ကို သိမ်းဆည်းရမိတယ်လို့ TNLA က ပြောပါတယ်။

နမ့်ပေါ်တံတား ကင်းစခန်းဟာ မူဆယ်မြို့အတွက် အရေးပါတဲ့ နေရာတစ်ခုဖြစ်ပြီး စစ်ကောင်စီ တပ်သားတွေနဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေ တံတား လုံခြုံရေးအတွက် အခိုင်အမာ တပ်စွဲထားတဲ့ နေရာလို့ ဒေသခံတွေက ပြောပါတယ်။

သီပေါနဲ့ လားရှိုးကို ဆက်သွယ်ထားတဲ့ စဉ့်အင်တံတား ကင်းစခန်းကို သိမ်းပိုက်ရမိစဉ်မှာတော့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့အတူ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုမှာ စဉ့်အင် ရထားသံလမ်း အနီးမှာရှိတဲ့ ကြိုးတံတားတစ်ခု ကျိုးသွားပြီး ကားလမ်းမပေါ်က တံတားကတော့ ကျိုးကျတာ မရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျိုးတာက သံလမ်းနားက တံတားပါ။ ကားလမ်းတံတားကတော့ နေ့လယ်ပိုင်းအထိ နည်းနည်းပဲ ထိသေးတယ်။ ဘာမှ မဖြစ်သေးဘူး။ တိုက်ပွဲတွေတော့ ဖြစ်နေတုန်းပဲ။ ရွာသားတွေကတော့ ဘေးလွတ်ရာ ရှောင်နေကြပြီ”

နိုဝင်ဘာလ ၃၀ ရက်နေ့ကလည်း လားရှိုးနဲ့ သိန္နီနယ်စပ်က ပန်ဖတ်ရွာ တံတားကို မြောက်ပိုင်း ညီနောင်သုံးဖွဲ့က ဖျက်ဆီး ဖြတ်တောက်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မြောက်ပိုင်း ညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က ဒီဇင်ဘာလ ၁ ရက်နေ့ ဒီနေ့အထိ ကျောက်မဲနဲ့ သီပေါကြားက ကျင်သီ တံတား၊ သိန္နီ-လားရှိုးတံတား၊ ဟိုပန်တံတားတွေ ဖျက်ဆီးခံထားရပြီး အဲဒီ လမ်းပိုင်းတွေမှာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
________
(Photo: TNLA)