TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမှာ တိုက်ပွဲပြင်းထန်နေ
2024.08.31
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက တပ်အင်အားတွေ ဖြည့်တင်းဖို့ ကြိုးစားနေတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဩဂုတ် ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ရပ်စောက်မြို့နယ် ကျောက်ဂူကနေ နောင်ချိုမြို့နယ်ကို စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
TNLA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ရှမ်းမြောက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေ တောင်ပိုင်းကို ကူးစက်မသွားအောင် သူတို့က တောင်ခမ်း ဒုဋ္ဌဝတီရဲ့ ဟိုဘက်အခြမ်းကို သေသေချာချာ ခံစစ်ပြင်ထားတဲ့ အနေအထားပေါ့။ အဓိကကတော့ ရှမ်းတောင်ဘက်ကို TNLA သွားမတိုက်နိုင်အောင် အင်အားဖြည့်တင်းနေတာ၊ ရပ်စောက်-ကျောက်ဂူကနေ အင်အားဖြည့်နေတာကို ကြည့်လိုက်ရင် ဒုဋ္ဌဝတီမြစ်ကို TNLA မကျော်နိုင်အောင် သူတို့လုပ်ဆောင်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းနေတဲ့အထဲမှာ ပအိုဝ်းပြည်သူ့စစ်ဖြစ်တဲ့ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က စစ်သင်တန်းဆင်းထားသူတွေ ပါဝင်တယ်လို့လည်း သူက ဆိုပါတယ်။
TNLA ထုတ်ပြန်ချက်အရ ဩဂုတ် ၃၁ ရက်နေ့ တစ်ရက်တည်းမှာပဲ နောင်ချိုမြို့နယ်အတွင်း နေရာနှစ်နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က Y 12 နဲ့ နှစ်ကြိမ်၊ တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
လတ်တလောမှာတော့ တောင်ခမ်းမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ် နှစ်ခုဖြစ်တဲ့ အမတ - ၄၀၆ နဲ့ အမတ-၂၀၆ တို့ကို သိမ်းပိုက်ထားပြီး ကျန်နေတဲ့ အမှတ် (၉၀၂) နဲ့ အမှတ် (၃၅၄) တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းမဖြေပါဘူး။
တစ်ကျော့ပြန် ၁ဝ၂၇ စစ်ဆင်ရေးအတွင်း ဇူလိုင် ၁ဝ ရက်နေ့ကတည်းက နောင်ချိုမြို့နယ်ကို TNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတာဖြစ်ပါတယ်။