နမ့်ဆန်ကို ၆၄ နှစ်အကြာမှာ တအာင်းပြန်ရခဲ့ကြောင်း မြောက်ပိုင်းသုံးဖွဲ့ထုတ်ပြန်

RFA Burmese
2023.12.17
နမ့်ဆန်ကို ၆၄ နှစ်အကြာမှာ တအာင်းပြန်ရခဲ့ကြောင်း မြောက်ပိုင်းသုံးဖွဲ့ထုတ်ပြန် တအာင်းတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ သိမ်းပိုက်ရရှိသည့် စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် လေးစင်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က TNLA မှ ထုတ်ပြန်ထားစဉ်။
TNLA

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆန်မြို့ဟာ တအောင်းစော်ဘွားတွေရဲ့ ဒေသတစ်ခုဖြစ်ပြီး နှစ်ပေါင်း ၆၄ နှစ်အကြာမှာ ပြန်ရယူနိုင်ခဲ့ပြီလို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ထုတ်ပြန်လိုက်ပါတယ်။

တအာင်းတပ်မတော် (TNLA) ဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့ကစလို့ နမ့်ဆန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်စခန်း၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နမ့်ဆန်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ခြောက်ဆယ်ကျော်သေဆုံးပြီး သုံးဆယ်ကျော်ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပြီး TNLA ဘက်က ထိခိုက်ကျဆုံးမှုကို ဖော်ပြထားတာ မရှိပါဘူး။

စစ်ကောင်စီတပ်သား သုံးဆယ်၊ ရဲ ခြောက်ဦးနဲ့ မိသားစုဝင်တွေအပါအဝင် ၆၄ ဦးကို ဖမ်းဆီးထားတယ်လို့ TNLA နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမတွေ့ရသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ နမ့်ဆန်မြို့ အသိမ်း ခံလိုက်ရကြောင်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။